
ပီယ (NP News) - နိုဝင်ဘာ ၁၀
အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က နိုဝင်ဘာလ (၉) ရက်က ပြောသည်။
NSPNC အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး လုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် အရပ်ဘက်လူမှု အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော ငြိမ်းချမ်းရေးမူဝါဒများနှင့် NSPNC ၏ လက်ရှိဆောင်ရွက် လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် သိရှိနားလည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်- ၂၀ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တွေ့ဆုံရာတွင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ယနေ့တွေ့ဆုံပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုများအား အရပ်ဘက်လူမှုအဖွဲ့အစည်းများ သိရှိစေရန်ရှင်းလင်းပြသသည့် တွေ့ဆုံပွဲဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများ ထပ်မံပေါ်ပေါက်လာခဲ့ကြောင်း၊ အဆိုပါပဋိပက္ခဒေသများတွင် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာများ ဆုတ်ယုတ်လာခဲ့သဖြင့် ပြည်သူလူထုမှ လက်မခံနိုင်တော့ဘဲ တည်ငြိမ်အေးချမ်းမှုကို လိုလားခဲ့ကြကြောင်း၊ အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည်မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်း၊ သဘာဝသယံဇာတများတူးဖော်ခြင်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းမျိုးစုံကို ကျူးလွန်ဖောက်ဖျက်ခြင်းနှင့် တရားမဝင်လုပ်ငန်းများဖြင့် အဖွဲ့အစည်း၏ ရပ်တည်ချက်အတွက် ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် မိမိတို့အဖွဲ့အလိုက်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုအခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ NSPNC အနေဖြင့် လာရောက်ဆွေးနွေးသည့် EAO များ၏ နိုင်ငံရေးလိုလားချက်၊ လိုအင်ဆန္ဒများအား တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မှုကို ဆွေးနွေးအဖြေရှာညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်လာအောင် ကူညီဆောင်ရွက်ပေးခြင်းဖြင့် တည်ငြိမ်အေးချမ်းမှုများ လျင်မြန်စွာရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ယနေ့ဆွေးနွေးပွဲ တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်မှုအခြေအနေ၊ ချိတ်ဆက်ဆောင်ရွက်နိုင်မှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများအပေါ် ကောင်းမွန်မည့် အကြံဉာဏ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် က ပြောကြားသည်။
ထို့နောက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၏ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ဒီမိုကရေစီအစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်မှုများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်အတွက်မူဝါဒ၊ မဟာဗျူဟာနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား) က NCA ၏ အနှစ်သာရနှင့် အောင်မြင်မှုများအပေါ် အခြေခံသော ပိုမိုပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာမူဘောင်အား ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသူများက NSPNC က ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိရသဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုပါဝင်ခွင့်ပြုပေးသင့်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် ကုန်သွယ်ရေးလမ်းကြောင်းများသည် အဓိကအရေးပါနေပါကြောင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူမှုရေးလုပ်ဆောင်မှုနှင့်အတူ ပူးပေါင်းပါဝင်နိုင်ကြောင်း၊ လက်ရှိငြိမ်းချမ်း ရေးဖော်ဆောင်နေမှုများကို ပြည်သူများအားလုံး သိရှိအောင်ဆောင်ရွက်ပေးစေလိုကြောင်း၊ ပဋိပက္ခများကြောင့် လူမျိုးဘာသာမရွေး ပြည်သူများ ဒုက္ခခံစားကြရကြောင်းနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများနှင့်ဆက်စပ် လုပ်ဆောင်ရေး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် အဖွဲ့အလိုက်ကျွမ်းကျင်မှုနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်သွားကြရေး၊ NSPNC မှ ဆောင်ရွက်ခဲ့သည့် ဖိုရမ်၊ အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိလာသောအကြံပြုချက်များအနက် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်နိုင်မည့်အချက်များကို မြေပြင်အခြေအနေမှန်အား အခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရေး ဆွေးနွေးပြောကြားသည်။
ထို့ပြင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့် ကမ္ဘာ့ နိုင်ငံများတွင်ဖြစ်ပေါ်လာသောအခြေအနေများကိုမှန်ကန်စွာ သိရှိပြီးပြည်သူများ နားလည်သိရှိ စေရန် အသိ ပညာပေးခြင်းများ ပိုမိုဆောင်ရွက်ရေး၊ လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေးအတွက် လိုအပ်သော စွမ်းရည် မြှင့်သင်တန်းများဖြင့် အားဖြည့်ကူညီ ဆောင်ရွက်ပေးသွားနိုင်ရေး၊ ဘာသာရေး အဖွဲ့အစည်းများ အနေဖြင့်လည်း ပဋိပက္ခများရပ်စဲပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန်တတ်နိုင်သမျှ ဆောင်ရွက်နိုင်ရေး၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ဖိုရမ်များဆောင်ရွက်ပေးရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်၍ ပဋိပက္ခများကို လျှော့ချနိုင်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရေးတို့ကို အကြံပြုဆွေးနွေးကြသည်။