NP News

မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် တောင်ကြီး၊ ကလော နှင့် အောင်ပန်းတွင် ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး တစ်နေရာတွင် မြေပြို

ထိုက်စံ(NP News)-နိုဝင်ဘာ ၁၀
မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကလောမြို့နှင့်အောင်ပန်းမြို့ရှိ နေရာအချို့တွင် ယနေ့ (နိုဝင်ဘာလ ၁၀ ရက်) ၌ ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး ကလောမြို့အဆင်း ရေယားအကျော်တွင် တောင်ပြို၍ လမ်းပိတ်ဆို့သော ဖြစ်စဉ် ဖြစ်ခဲ့သော်လည်း အချိန်တိုအတွင်း ဖယ်ရှားရှင်းလင်းလိုက်ကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာ ၁၀ ရက်) နံနက်ပိုင်းမှ စတင်ကာ မိုးအဆက်မပြတ် ရွာသည့်အတွက် နေအိမ်အချို့တွင် ရေဝင်ရောက်မှု ရှိခဲ့ကြောင်း သိရသည်။
“တောင်ကြီးမှာ မနေ့ညကနေ ခုချိန်ထိ မိုးကအဆက်မပြတ်ရွာနေတာဆိုတော့။ တောင်ကြီးကမိုးကြီးရင်တော့ ကလောက တက်မှာပဲ။ တောင်ကြီးမြို့ကို ရေဝင်တယ်လေ။ သူက တောင်ကျရေတွေများကြီး” ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုးရွာပြီး ရာသီဥတုမှာ အေးသောအနေအထားဖြစ်ကြောင်း အေးသာယာမြို့ ဒေသခံတစ်ဦးက ဆိုသည်။
“အေးသာယာဘက်တော့ မတက်ဘူး။ ရွှေညောင်၊ ညောင်ရွှေ၊ ကလောဘက်တော့ တက်မယ်။ မိုးကနှစ်ည ဆက်တိုက်ရှိပြီ။ အရမ်းရွာနေတာ။ တော်တော်တော့ ရေပါတယ်။ အေးတာလည်း တော်တော်အေးတယ်။ တောင်ကြီးတချို့နေရာတွေတောင် ရေလျှံတယ်” ဟု ၎င်းက ဆိုသည်။
ကလောမြို့ရှိ ပလောင်ဈေးတန်းတွင် အများဆုံး(၄)ပေအထိ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
“ရပ်ကွက်လိုက် နစ်တာတော့ မဟုတ်ဘူး။ ပလောင်ဈေးတန်းပဲ နစ်တာ။ ချောင်းနဲ့ နီးတဲ့နေရာပဲ နစ်တာ။ မိုးဆက်တိုက်ရွာတော့ ကလောချောင်းက ရေလျှံတာ။ အများဆုံးတက်တာတော့ (၃)ပေ ၊(၄)ပေပေါ့။ ဒူးလောက်၊ ပေါင်လောက်ပေါ့၊ အခုက နည်းနည်းတက်တယ် ပြောတယ်။ အခုမှ ကျွန်တော်လည်းသွားကြည့်မလို့။ မိုးကအခုထိ နည်းနည်းကျနေတုန်းပဲ ခင်ဗျ။ မနေ့ကရွာတယ်။ ဒီနေ့က မနေ့ကလောက် မရွာဘူး” ဟု ကလောမြို့မှ ဒေသခံတစ်ဦးကပြောသည်။
ထို့အတူ အောင်ပန်းမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အချို့နေရာတွင် ရေကျခြင်းမရှိသေးကြောင်း သိရသည်။
“ရေကအရမ်းကြီးတာတော့ မဟုတ်ဘူး။ ခဏလေးကြီးတာပေါ့။ အောင်ပန်းကတော့ကျနေပြီ။ ရပ်ကွက်အနိမ့်ပိုင်း ကျွန်မတို့ အောက်ဈေးကတော့ ကျနေပြီ။ ဆိုတော့ ရေစီးကြောင်း ခဏဖြတ်သွားတာပေါ့။ မြောင်းရေပိတ်လို့ ခဏကြီးတာပေါ့နော်။ ခုလက်ရှိကတော့ တချို့နေရာတွေ မကျသေးဘူး။ မိုးကတော့ ရွာတုန်းပဲ”ဟုအောင်ပန်းမြို့မှ ဒေသခံတစ်ဦးကပြောသည်။

မူရင်းသတင်း — NP News