
စော(NP News)- နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် (၁၃) ရပ်ကွက်၊ စက်မှုဇုန်ရှိ ဟာကာအထည်ချုပ်စက်ရုံ အနောက်ဘက် အမှိုက်ပုံးအတွင်း၌ ထိုးသွင်းဒဏ်ရာများဖြင့် အသက် (၂၀)အရွယ်အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို နိုဝင်ဘာ (၆)ရက်က တွေ့ရှိခဲ့သည့် သတင်းသည် သတင်းမှားဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
ထွက်ပေါ်လာသောသတင်းများတွင် အဆိုပါအမျိုးသမီးရုပ်အလောင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှိုက်လာရောက်သိမ်းဆည်းချိန်မှာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ထိုးသွင်းဒဏ်ရာများ တွေ့ရှိရသည့်အပြင် ရုပ်အလောင်းသည် ပျက်စီးနေသည့်အနေအထားဖြစ်ကြောင်း သတင်းမှားထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းအား စစ်ဆေးစုံစမ်းမေးမြန်းခဲ့ရာ ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း စုံစမ်းသိရှိခဲ့ရ၍ အများပြည်သူများ စိုးရိမ်ထိတ်လန့်ဖွယ်ရာသတင်းများ ရေးသားဖြန့်ဝေနေမှုအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့၏စာတွင် အသိပေးထားသည်။