
Pika(NP News)- နိုဝင်ဘာ ၁၀
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယားနိုင်ငံက မြန်နှုန်းမြင့်တော်ပီဒိုစနစ်သစ်တစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ရေတပ်ကို လက်နက်တပ်ဆင်ပေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေချိန်မှာပဲ အခုလိုမျိုးစမ်းသပ်မှုအသစ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အရှေ့ပင်လယ်မှာလုပ်ဆောင်ခဲ့တဲ့ မြန်နှုန်းမြင့်တော်ပီဒိုစနစ်သစ်ဟာ (၂၀၂၇)ခုနှစ်အစောပိုင်းကနေစတင်ပြီး မြောက်ကိုရီးယားရေတပ်မှာ အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီKCNAကရေးသားဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း တိုက်ခိုက်ရေးဒရုန်းတွေ၊တိကျစွာလမ်းညွှန်နိုင်တဲ့ တော်ပီဒိုစနစ်သစ်နဲ့ တာလတ်ပစ်အသံထက်မြန်တဲ့ဒုံးကျည်အပါအဝင် လက်နက်အမျိုးမျိုးကို စမ်းသပ်ခဲ့ပြီးနောက် အခုလိုစမ်းသပ်မှုတွေကို ထပ်မံလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားဟာ ၎င်းရဲ့ရေတပ်စွမ်းရည်နဲ့ရေအောက်တိုက်ခိုက်နိုင်စွမ်းတွေကိုလည်း တိုးမြှင့်လျက်ရှိပြီး ဖျက်သင်္ဘောအသစ်တည်ဆောက်တာ၊ခေတ်မီဆန်းပြားတဲ့တော်ပီဒိုအသစ် ထုတ်လုပ်တာမျိုးတွေကိုလည်း ပိုမိုတိုးချဲ့လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
KCNAက” ကာကွယ်ရေးသိပ္ပံအကယ်ဒမီ၊ ဒုံးကျည်စီမံခန့်ခွဲရေးဌာနနဲ့ တော်ပီဒိုလက်နက်သုတေသနဗျူရိုတို့က မျိုးဆက်သစ်မြန်နှုန်းမြင့်တော်ပီဒိုစနစ်သစ်ရဲ့ တိုက်ခိုက်ရေးစွမ်းဆောင်ရည်တွေကို စစ်ဆေးအတည်ပြုခဲ့ပါတယ်”လို့ရေးသားဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း တော်ပီဒိုရဲ့ အသေးစိတ်အချက်အလက်တွေ၊စွမ်းဆောင်ရည်တွေနဲ့ ပစ်လွှတ်တဲ့ပလက်ဖောင်းတွေလိုမျိုး အသေးစိတ်အချက်အလက်တွေကို မြောက်ကိုရီးယားအစိုးရက ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။