CarsDB

ယာဉ်တိုက်မှုကြောင့် သမီး သေဆုံးခဲ့ရပြီးနောက် ဖခင်က လမ်းဆုံသို့ နေ့တိုင်းသွားကာ ယာဉ်စည်းကမ်းချိုးဖောက်သူများကို ချောင်းမြောင်းစောင့်ကြည့်သည့် ဖြစ်ရပ်

တရုတ်ပြည် အရှေ့တောင်ပိုင်းတွင် ယာဉ်တိုက်မှုတစ်ခုကြောင့် အသက်ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဆုံးပါးသွားခဲ့ရပြီးနောက် ကြေကွဲဝမ်းနည်းနေသော ဖခင်မှာ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို စောင့်ကြည့်သူတစ်ဦးဖြစ်လာခဲ့သည်။
၎င်း၏ အမည်မှာ ဝူကျိရှန်း (Wu Zhisheng) ဖြစ်ကြောင်း သိရသည်။

ကျန်းရှီးပြည်နယ်ရှိ တစ်ခုသော လမ်းဆုံတွင် ဝူကျိရှန်း၏ ဇနီးသည် သမီးငယ်နှစ်ဦးနှင့်အတူ လျှပ်စစ် ဘီးစီးလာစဉ် လမ်းကွေ့လိုက်သော သဲကားကြီးတစ်စီးက ဝင်တိုက်မိခဲ့သည်။

သမီးကြီး ဇီကျင်းမှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ပြီး မိခင်နှင့် ၅ နှစ်အရွယ် ညီမတို့မှာ ထိခိုက်ဒဏ်ရာများ ရခဲ့ကြသည်။

အခင်းဖြစ်ပွားရာနေရာသို့ ဝူကျိရှန်း ရောက်ရှိသွားချိန်တွင် ယာဉ်မောင်းမှာ ယာဉ်ဘေးတွင် ရပ်နေသည်ကို တွေခဲ့ရသည်။
ဝူကျိရှန်း၏ ဇနီးမှာ ပူဆွေးငိုကြွေးနေကာ ညီမငယ်ဖြစ်သူမှာလည်း အစ်မကို ကြည့်ရင်း တုန်လှုပ်ချောက်ချားစွာ အော်နေသည်။

ထရပ်ကားမှာ သတ်မှတ်ဝန်ထက် ၉၂ ရာခိုင်နှုန်း ပိုမိုတင်ဆောင်ထားပြီး ဘရိတ်စနစ်လည်း ချို့ယွင်းနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။


(အခင်းဖြစ်ပွားရာနေရာသို့ ဝူကျိရှန်း ရောက်ရှိချိန်တွင် ဇနီးနှင့် သမီးငယ်တို့ကို ထိခိုက်ဒဏ်ရာများဖြင့် တွေ့ရပြီး ၎င်းတို့ဘေးတွင် ညှပ်ဖိနပ်စီးလျက် ရပ်နေသည့် ယာဉ်မောင်းကို တွေ့ရှိခဲ့သည်။ ဓာတ်ပုံ - Sohu)

ထရပ်ကားကို ပိုင်ဆိုင်သည့် ကုမ္ပဏီနှင့် ဆောက်လုပ်ရေးကန်ထရိုက်တာတို့ကို အရေးမယူသဖြင့် ဝူကျိရှန်းက ၎င်း၏လုပ်ငန်းကို ရပ်နားထားခဲ့ကာ အန္တရာယ်သော ယာဉ်ကြီးများကို အချိန်ပြည့် စောင့်ကြည့်ခဲ့သည်။

ဝူကျိရှန်းသည် စာသင်ကျောင်းများနှင့် ကစားကွင်းများအနီး ယာဉ်ကြောပိတ်ဆို့တတ်သော လမ်းဆုံများတွင် အမှိုက်သယ် ကားကြီးများ၊ ကွန်ကရစ်ဖျော် ကားများနှင့် ကုန်တင်ယာဉ်ကြီးများကို နေ့စဉ် ချောင်းမြောင်း စောင့်ကြည့်လျက် ရှိသည်။

လက်ရှိအချိန်အထိ ဝူကျိရှန်းသည် စည်းကမ်းဖောက်ဖျက်သော ယာဉ်ကြီး ၂၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ရာ လမ်းပြောင်းပြန်မောင်းခြင်း၊ မီးနီဖြတ်မောင်းခြင်း၊ တန်ပို ကုန်တင်ခြင်း၊ နံပါတ်ပြားကို ဖုံးထားခြင်း အစသည်တို့ ပါဝင်သည်။ ဝူကျိရှန်းက ထိုဖြစ်ရပ်များကို ယာဉ်ထိန်းရဲတပ်ဖွဲ့ထံ တင်ပြခဲ့သည့်အပြင် အွန်လိုင်းတွင်လည်း တင်ခဲ့သည်။

ပြည်မကြီး သတင်းမီဒီယာတို့က ဝူကျိရှန်းကို "ပြည်သူ့အကျိုးပြု သတင်းပေး" ဟု ကင်ပွန်းတပ်ကြသည်။

ဝူကျိရှန်းကမူ မိမိမှာ သာမန်ပြည်သူတစ်ဦးသာဖြစ်ပြီး ကျရောက်နိုင်သည့် အန္တရာယ်ကို အများပြည်သူနှင့် တာဝန်ရှိသူများ သတိပြုမိလာစေရန် ကြိုးစားခြင်းသာဖြစ်ကြောင်း ပြောသည်။

"အဲဒီနေ့က ယာဉ်မောင်းဟာ ညာဘက်ကို မကွေ့ခင်မှာ ကားကို လုံးဝရပ်ရမယ်ဆိုတဲ့ စည်းကမ်းချက်ကို တိတိကျကျ လိုက်နာခဲ့မယ်ဆိုရင် ကျွန်တော့်သမီးလေး အခုလို အဖြစ်ဆိုးနဲ့ ရင်ဆိုင်ရမှာ မဟုတ်ပါဘူး" ဟု ၎င်းက မီဒီယာများကို ပြောကြားခဲ့သည်။

China Justice Big Data Institute ၏ ဖော်ပြချက်အရ တရုတ်ပြည်တွင် လမ်းပေါ်မတော်တဆမှုများ၏ ၃၂ ရာခိုင်နှုန်းမှာ ထရပ်ကားကြီးများနှင့် ပတ်သက်နေသည်ဟု ဆိုသည်။

(ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းများတွင် ဝန်ပိုတင်ဆောင်ခြင်း၊ မဆင်မခြင် မောင်းနှင်ခြင်းနှင့် ယာဉ်မောင်းများ ပင်ပန်းနွမ်းနယ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ထောက်ပြသည်။ ဓာတ်ပုံ Getty Images)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Chinese dad whose daughter died in crash visits junction daily to catch traffic violators (scmp)

မူရင်းသတင်း — CarsDB