NP News

ရုရှား၊ယူကရိန်းနဲ့အမေရိကန်တို့ကြား တံခါးပိတ်ဆွေးနွေးမှုတွေပြန်လည်စတင်

Pika (NP News) - နိုဝင်ဘာ ၁၁
ရုရှား၊ယူကရိန်းနဲ့အမေရိကန်တို့ဟာ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ သုံးပွင့်ဆိုင်ဆွေးနွေးမှုတွေကို လုပ်ဆောင်နေပြီဖြစ်ပြီး တံခါးပိတ်ဆွေးနွေးမှုတွေကို (၅)နာရီကြာအောင် လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့ကို သမ္မတပူတင်ရဲ့အကြံပေး ဗလာဒီမာမီဒင်စကီးက ဦးဆောင်ပြီး အဖွဲ့ထဲမှာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မီခေးလ်ဂါလူဇင်နဲ့ဆာဂေးရိုက်ယက်ကော့ဗ်တို့လည်းပါဝင်ခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွေကြားထဲမှာ အမေရိကန်သံတမန်စတိဗ်ဝစ်အော့ဖ်၊အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်သူဂျာရက်ကူရှနာနဲ့ ယူအေအီးနိုင်ငံခြားရေးဝန်ကြီး ရှိတ်အဗ်ဒူလာဘင်ဇာယက်အယ်လ်နာဟယန်တို့လည်း ပါဝင်ထိုင်နေတာကို တွေ့ခဲ့ရပါတယ်။
ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားထောက်လှမ်းရေးဌာနအကြီးအကဲ ရူစတန်ယူမာရော့ဗ်ကဦးဆောင်ခဲ့ပြီး ပဋိပက္ခအဆုံးသတ်ရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်အားလုံးကို ဆွေးနွေးဖို့အတွက် ၎င်းတို့အဖွဲ့ကို ယူကရိန်းသမ္မတဇီလန်စကီးက ခွင့်ပြုခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း ဆွေးနွေးပွဲစားပွဲဝိုင်းမှာ ဥရောပကိုယ်စားလှယ်တွေပါဝင်ခဲ့တာမျိုးမရှိခဲ့ဘဲ ဆွေးနွေးပွဲမစတင်ခင်မှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က ယူကရိန်းအဖွဲ့အပြင် ပြင်သစ်၊ဂျာမနီ၊အီတလီ၊ဗြိတိန်နဲ့ဥရောပသမဂ္ဂတို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ သီးခြားအခန်းတစ်ခန်းမှာတွေ့ဆုံနေပုံကို ယူကရိန်းမီဒီယာတွေက ဖော်ပြထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ဥရောပအရာရှိတွေနဲ့ အမေရိကန်ရဲ့ဆက်သွယ်မှုကို ရုရှားအစိုးရဘက်က ပိတ်ပင်မှာမဟုတ်ပေမယ့်လည်း အဲဒီလိုမျိုးတွေ့ဆုံမှုတွေက ဆွေးနွေးပွဲတွေကို အထောက်အကူဖြစ်စေမှာလားဆိုတာကိုတော့ သံသယဝင်မိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်ကပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — NP News