
Pika (NP News) - နိုဝင်ဘာ ၁၁
ပြင်သစ်နိုင်ငံမှာ ကျောင်းသားတွေက ပိုမိုကောင်းမွန်တဲ့ သင်ကြားမှုအခြေအနေတွေရရှိရေးအတွက် ဆန္ဒပြမှုတွေကို ဆက်လက်လုပ်ဆောင်နေကြပြီး အထက်တန်းကျောင်းများစွာရဲ့ဝင်ပေါက်တွေကို ပိတ်ဆို့မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလတည်းက ပြင်သစ်နိုင်ငံတစ်ဝှမ်းမှာစတင်ခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲတွေက ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း နေထိုင်စရိတ်ကြီးမြင့်မှုကို ဆန့်ကျင်တဲ့ကျယ်ပြန့်တဲ့ဆန္ဒပြပွဲတွေအဖြစ် ပြောင်းလဲလာခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် ဆန္ဒပြပွဲအချို့မှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့သလို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နှင်းမှုတွေလုပ်ဆောင်နေတယ်ဆိုတဲ့စွပ်စွဲချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ လာမယ့်နှစ်မှာ လက်ရှိပြင်သစ်သမ္မတမက်ခရွန်ရဲ့နေရာကိုအစားထိုးမယ့် ရွေးကောက်ပွဲတွေမတိုင်ခင် ဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံဟာ နိုင်ငံတော်ကြွေးမြီးကို ထိန်းချုပ်ဖို့ ဖိအားတွေနဲ့ရင်ဆိုင်နေရမှုနဲ့အတူ အစိုးရအနေနဲ့ ငွေကြေးအသုံးစရိတ်အပိုသုံးစွဲကာ ဆန္ဒပြသူတွေကို ကျေနပ်အောင်လုပ်ပေးနိုင်မယ့်နည်းလမ်းက အကန့်အသတ်ရှိနေတာလည်းဖြစ်ပါတယ်။
အသက်(၁၅)နှစ်ကနေ (၁၈)နှစ်အတွင်း ကျောင်းသားတွေတက်ရောက်နေတဲ့ အထက်တန်းကျောင်းပေါင်း(၃၇၀၀)အနက် (၄၉)ကျောင်းရဲ့ဝင်ပေါက်တွေကို ကျောင်းသားတွေက ပိတ်ဆို့ထားခဲ့တာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။
ကျောင်းသားနဲ့ဆရာသမဂ္ဂတွေက”အစိုးရအပေါ် ဖိအားပေးမှုတွေကို ဆက်လက်လုပ်ဆောင်ပြီး လှုပ်ရှားမှုတွေကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ရမယ့်အချိန်ကရောက်လာပါပြီ”လို့ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အစိုးရအပေါ် ဖိအားပေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့က အရေးကြီးတယ်လို့ ကျောင်းသားအဖွဲ့အစည်းခေါင်းဆောင် ရီယာဒ်ရာနီကပြောကြားခဲ့ပြီး ၎င်းတို့တိုက်ပွဲဝင်တွေက ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ဆရာ၊ဆရာမတွေနဲ့ ၎င်းတို့ရဲ့လုပ်ငန်းခွင်အခြေအနေတွေ ကောင်းမွန်လာဖို့ တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။