CarsDB

အမေရိကန်ပြည်တွင် Tesla Model Y ၏ screen ပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်မိသဖြင့် ၅၉၃ ဒေါ်လာ ကားပြင်ခပေးလိုက်ရသည့် အမျိုးသားက ၎င်းကဲ့သို့ မဖြစ်စေရန် သတိပေးလာ

Tesla Model Y ပိုင်ရှင်တစ်ဦးသည် ကား၏ feature အသစ်တစ်ခုကို စမ်းကြည့်ခဲ့မိရာ ပြင်ဆင်စရိတ် အများအပြားပေးရသည့်အဖြစ်နှင့် ရင်ဆိုင်ခဲ့ရကြောင်း ၎င်းကိုယ်တိုင် ထုတ်ဖော်ပြောပြလာသည်။

အဆိုပါ လုပ်ဆောင်ချက်ကို အသက်သွင်း (activate) လိုက်မိရုံဖြင့် Tesla ဆားဗစ်စင်တာသို့ သွားရောက်ပြသရန် သတိပေးချက် (Warning) ပေါ်လာကြောင်း ထိုသူက ပြောပြသည်။

ယခုဖြစ်ရပ်ပေါ်ပေါက်လာပြီးနောက် ထို function မည်သို့အလုပ်လုပ်သည်၊ မတော်တဆ ဖွင့်မိပါက မည်သို့ဖြစ်နိုင်သည်ကို လူမှုကွန်ရက်တွင် အခြားသော Tesla ပိုင်ရှင်များအကြား ဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့သည်။

မျှော်လင့်မထားသော အခြေအနေတစ်ရပ်ရပ်တွင် ယာဉ်မောင်းများအနေဖြင့် ကားကို ထိန်းချုပ်နိုင်မှု ပိုရစေရန် ရည်ရွယ်ကာ Tesla က ဆော့ဖ်ဝဲလ် update လုပ်ပေးနေချိန် ကာလအတွင်း ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

((Tesla ၏ feature သစ် ))

ယခုဖြစ်ရပ်တွင် activate လုပ်မိသော feature မှာ Emergency Driveaway ဟု ခေါ်ပြီး Tesla ၏ ဆော့ဖ်ဝဲလ် update ဗားရှင်း 2026.38.3 တွင် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။
အားသွင်းစခန်းတစ်ခုတွင် အရေးပေါ်အခြေအနေတစ်ခု ကြုံတွေ့ရပါက အားသွင်းကြိုး တန်းလန်းဖြစ်နေ သည့်တိုင် မောင်းထွက်စေနိုင်ရန် စီစဉ်ပေးထားခြင်း ဖြစ်သည်။

ဥပမာ Tesla Supercharger တွင် အားသွင်းနေသူတစ်ဦးသည် ရုတ်တရက် အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ရ ပါက အားသွင်းကြိုးဖြုတ်နေစရာမလိုဘဲ ယခု feature ကို activate လုပ်ကာ ထွက်ပြေးလွတ်မြောက် နိုင်မည် ဖြစ်သည်။


(ဓာတ်ပုံ Credit- Tesla)

ထိုလုပ်ဆောင်ချက်မှာ အန္တရာယ်ရှိသော အခြေအနေမျိုးတွင် အသုံးဝင်နိုင်သော်လည်း Model Y ပိုင်ရှင်တဦးအနေဖြင့် သာမန်အခြေအနေတွင် စမ်းသပ်ကြည့်ပါက ငွေကုန်ကြေးကျ များသွားနိုင်သည်။

X လူမှုကွန်ရက်တွင် @Tutrifour အမည်ရှိ အကောင့်က ရေးသားခဲ့သော ပို့စ်တစ်ခုအရ Activate ခလုတ်ကို နှိပ်လိုက်မိချိန်တွင် screen ပေါ်၌ Emergency Driveaway လုပ်ဆောင်ချက် အသက်ဝင်နေပြီဖြစ်ကြောင်း၊ ကားပြင်ဆင်သည့် ဆားဗစ်စင်တာသို့ ပြသရန် လိုအပ်ကြောင်း အနီရောင် သတိပေး စာတန်း ပေါ်လာသည်ဟု ဆိုသည်။

ထိုသတိပေးစာတန်းပေါ်ချိန်တွင် ကားမှာ ရွေ့လျားခြင်းလုံးဝ မရှိခဲ့သော်လည်း အားသွင်းပေါက် (Charging port) ကို စစ်ဆေးရန်နှင့် alert ဖြစ်နေမှုကို ရှင်းလင်းရုတ်သိမ်းပေးရန်အတွက် Tesla ၏ စစ်ဆေးကြည့်ရှုမှု လိုအပ်သည်ဟု ဆိုသည်။

ထိုအတွက် ကျသင့်သည့် ဝန်ဆောင်ခမှာ ဒေါ်လာ ၅၃၉ ခန့် ပေးရသဖြင့် အခြား Tesla ပိုင်ရှင်များအနေဖြင့် စမ်းသပ်ရုံသက်သက်အတွက် ခလုတ်ကို မနှိပ်မိစေရန် ထိုသူက သတိပေးခဲ့သည်။

Emergency Driveaway ကို အသက်ဝင်စေပြီးနောက် Tesla က ကားကို စစ်ဆေးလိုခြင်းမှာ အကြောင်းရင်း ရှိပါသည်။

Supercharger နှင့် ချိတ်ဆက်ထားဆဲ အခြေအနေတွင် ကားမောင်းထွက်ခြင်းသည် အားသွင်းပေါက် ထိခိုက်ပျက်စီးစေနိုင်သောကြောင့် alert အခြေအနေကို Tesla ဆားဗစ်စင်တာက ရှင်းလင်းဖယ်ရှား မပေးမီတွင် ကားအစိတ်အပိုင်းအားလုံး ကောင်းစွာအလုပ်လုပ်နေကြောင်း သေချာစေလိုခြင်း ဖြစ်သည်။

Screen ပေါ်တွင် ထိုသတိပေးချက် ပေါ်နေချိန်၌ ကားမှာ ဆက်လက်အားသွင်းထားဆဲ အခြေအနေဖြစ်ကြောင်း ထိုသူက ပြောပြသည်။

(ဓာတ်ပုံ Credit- Tesla)

ထိုလုပ်ဆောင်ချက် activate လုပ်မိသည့်အချိန်တွင် ကား၏ အခြေအနေမည်သို့ရှိခဲ့သည်ကို သိနိုင်ရန် ကားပိုင်ရှင်က Tesla ထံ ဗွီဒီယိုမှတ်တမ်းဖိုင်များ ပေးပို့ခဲ့သည်။ ဤတွင် ကား ရွေ့လျားခဲ့ခြင်း မရှိဘဲ အဘယ်ကြောင့် စစ်ဆေးမှုခံယူရန် လိုအပ်သနည်းဟူသော မေးခွန်း ပေါ်ပေါက်လာသည်။

(ဓာတ်ပုံ Credit-Tesla)

Tesla ၏ အားသွင်းဌာန ဒါရိုက်တာက အဆိုပါ function ကို ပိုမိုကောင်းမွန်အောင် အမြန် ပြုပြင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ဖြစ်နိုင်ချေရှိသော ပြင်ဆင်မှုမှာ ကားသည် အားသွင်းကြိုး ပြုတ်သွားခြင်း မရှိခဲ့ပါက Tesla အနေဖြင့် ဗွီဒီယိုမှတ်တမ်းများကို ပြန်လည်စစ်ဆေးပြီး အဝေးထိန်းစနစ်ဖြင့် alert အခြေအနေကို ရှင်းလင်းဖယ်ရှားပေးခြင်း ဖြစ်နိုင်သည်။

(ဓာတ်ပုံ Credit- Tesla)

ထိုသို့ လုပ်ဆောင်နိုင်မည်ဆိုလျှင် ယာဉ်မောင်းများအနေဖြင့် အမှန်တကယ် မောင်းနှင်ထွက်ခွာခြင်း မရှိဘဲ ထို function ကို မတော်တဆ ဖွင့်မိရုံမျှဖြင့် ဆားဗစ်စင်တာသို့ သွားနေရသည့်ဒုက္ခ ကင်းဝေးနိုင်မည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: California man gets $539 service bill after tapping a single button on his Tesla Model Y's screen and issues warning to drivers (supercarblondie)

မူရင်းသတင်း — CarsDB