
သုတကျော် (NP News) - နိုဝင်ဘာ ၁၁
“ဂုဏ်ပြုပန်းစည်းယူမလား၊ ပန်းခွေယူမလား” ဟု NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီးဟုဆိုသူ တင်ထွန်းနိုင်က နိုဝင်ဘာလ (၈) ရက်တွင် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့ ၌ ပြုလုပ်သော အလှူခံပွဲအတွင်း စကားပြောရာတွင် မြန်မာနိုင်ငံမှ သူဌေးကြီးများအား ခြိမ်းခြောက်ပြောကြားခဲ့သည်။
တင်ထွန်းနိုင်၏ တောင်ကိုရီယားနိုင်ငံ ခရီးစဉ်မှာလည်း NUG နှင့် KIO၊ KNU၊ CNF၊ KNPP စသည်ဖြင့် အဖွဲ့များပါဝင်သော SCEF အတွက် ရံပုံငွေ ဒေါ်လာ သန်း (၃၀၀) ရရှိရေး အလှူခံရန်အတွက် အကြိုမိတ်ဆက်သွားရောက်သော ခရီးစဉ်ဖြစ်ကြောင်း တွေ့ရသည်။
တင်ထွန်းနိုင် ၏ ပြောစကားအတွင်း ထုံးစံအတိုင်း မစားရဝခမန်း စကားများလည်း ပြောခဲ့ပြီး အစိုးရက ယိုင်နဲ့နေပြီ ဖြစ်ကြောင်း နှင့် တွန်းတင်ရမည့်ကာလဟု ပြောသည်။
သို့သော် မြေပြင်တွင် NUG မည်မျှပင် အလှူခံ၍ အလှူငွေရစေကာမူ ခေါင်းဆောင်ပိုင်း အတွက်သာ အဆင်ပြေပြီး အောက်ခြေ PDF များ ခက်ခဲနေကြောင်း ပြောကြားချက်များစွာ ရှိနေသည်။ ထို့ပြင် အောင်ပွဲရတော့မည် ဖြစ်ကြောင်း NUG ၏ ပြောကြားချက်များမှာလည်း ဟာသစကားတို့သဖွယ် ဖြစ်လာသည်။
ယင်းဒေါ်လာ သန်း (၃၀၀) နှင့် ပတ်သက်၍ SCEF တွင် ပါဝင်သော အဖွဲ့များက ငွေထည့်ဝင်သောနည်း၊ အလှူခံသောနည်းနှင့် ခြိမ်းခြောက်သောနည်း စသည်ဖြင့် နည်းတို့ကို ၎င်းက ပြောခဲ့ခြင်းဖြစ်ပြီး ပြောစကားများအရ အလှူခံရန်၊ ဓားပြတိုက်သည့်သဖွယ်ငွေတောင်းရန် အားသာနေကြောင်း တွေ့ရသည်။
“ဒီ သန်း (၃၀၀) နဲ့ ပတ်သက်လို့ တစ်နှစ်ခွဲလောက် အတွင်းမှာ၊ (၁၈) လလောက်အတွင်းမှာ ဒီ သန်းသုံးရာ ကို ရှာမယ်လို့တော့ ဆုံးဖြတ်ထားကြတယ် သဘောတူကြတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယင်းအလှူငွေနှင့် ပတ်သက်၍ အလှူခံသည်ဆိုသော စကားကို တိုက်ရိုက်မပြောပဲ ယုံယုံကြည်ကြည် လိုက်ပါပေးကြရန်ဟု တင်ထွန်းနိုင်က ဆိုသည်။
“ကြားကနေ ခွထိုင်ပြီးတော့ နိုင်ခြေပေါ်ရင်တော့ ပါရသေးတာပေါ့။ နောင်တစ်ချိန်မှာ သူတို့ အတွက် တော်လှန်ရေးမှာပါခဲ့တယ်ဆိုတဲ့ အခြေအနေစောင့်ကြည့်နေတဲ့လူတွေလည်း ရှိတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင် တော်တော်များများ ပြည်တွင်းမှာ ရှိနေကြတဲ့ ခရိုနီတွေ၊ ခရိုပြာတွေ၊ ခရိုနက်တွေပေါ့နော်။ ဒီ ပုဂ္ဂိုလ်တွေလည်း ဒီချိန်မှာတော့ အလွတ်ပေးလို့ မရဘူးလို့ပဲ ပြောရမှာဖြစ်တယ်။ အခု မနှောင်းသေးဘူးပေါ့နော်။ မင်းတို့ ဂုဏ်ပြု ပန်းစည်းယူမလား၊ ပန်းခွေယူမလားလို့ မေးရမှာပေါ့နော်။ အဲဒါနဲ့လည်း ကျွန်တော်တို့ ရှာပါ့မယ်” ဟု ၎င်းက ဆိုသည်။
တင်ထွန်းနိုင် ၏ အဆိုပါစကားမှာ အလှူခံရန်ထက် ငွေကြေးကို အတင်းအဓမ္မတောင်းယူမည် ဆိုသော အဓိပ္ပာယ်သက်ရောက်သော်လည်း မြေပြင်တွင်မူ NUG ၏ နယ်မြေတို့ ယုတ်လျော့နေကြောင်း တွေ့ရသည်။
ယင်းစကားနှင့် ပတ်သက်၍ ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) တွင် အင်တာနက် စာမျက်နှာများထက်၌ ပြန့်နှံနေရာ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များအား ထောက်ခံသူများကပင် ဝေဖန်ပြောကြားသည့် မှတ်ချက်များ ရေးသားနေကြကြောင်း မြင်ရသည်။