
ရောင်နီ (NP News) - နိုဝင်ဘာလ ၁၁
တောင်ကိုရီးယားနိုင်ငံမှာ ကလေးမွေးဖွားနှုန်းကျဆင်းနေပေမယ့်လည်း ကလေးအသုံးအဆောင်ပစ္စည်းတွေအပေါ်သုံးစွဲမှုမြင့်တက်လာတာကြောင့် ကလေးပစ္စည်းလက်လီဈေးကွက် စံချိန်တင်တိုးတက်လာနေတယ်လို့ သိရပါတယ်။
တောင်ကိုရီးယား မိသားစုတွေဟာ ကလေးအရေအတွက် နည်းပါးလာတဲ့အတွက် တစ်ဦးတည်းသော ကလေးအပေါ် ငွေကြေးပိုမိုသုံးစွဲလာကြပြီး တန်ဖိုးမြင့် ကလေးတွန်းလှည်းတွေ၊ ဒီဇိုင်နာအဝတ်အထည်တွေနဲ့ ကစားစရာ ပစ္စည်းတွေကို ဝယ်ယူကြလေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအလေ့အထကို VIB (Very Important Baby) လို့ ခေါ်ဆိုကြပါတယ်။ တောင်ကိုရီးယား စာရင်းအင်းအချက်အလက်တွေအရ ၂၀၂၅ ခုနှစ်မှာ ကလေးနဲ့ ကလေးငယ်တွေအတွက် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသုံးစွဲမှု တန်ဖိုး ဝမ် (၅.၄၈) ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံခန့်) အထိ ရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက (၆၇) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အဓိက ကုန်တိုက်လုပ်ငန်းတွေမှာလည်း တန်ဖိုးမြင့် ကလေးအသုံးအဆောင်ပစ္စည်းတွေ၊ ရောင်းအား သိသိသာသာတိုးတက်ခဲ့တယ်လို့ သိရပါတယ်။
Hyundai Department Store မှာ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အဆင့်မြင့် ကလေးအဝတ်အထည် ရောင်းအား (၅၀) ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး Shinsegae ကုန်တိုက်မှာလည်း (၂၀) ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပါတယ်။ ဒါအပြင် မိဘနှစ်ဦးနဲ့အဘိုးအဘွားတွေ အပါအဝင် ဆွေမျိုးတွေက ကလေးတစ်ဦးတည်းအတွက် ငွေကြေးစုစည်းသုံးစွဲပေးတဲ့အလေ့အထကိုလည်း “Ten Pocket Syndrome” လို့ ခေါ်ဆိုကြပါတယ်။
တောင်ကိုရီးယားမှာ ၂၀၂၅ ခုနှစ်အတွင်း ကလေးမွေးဖွားမှု အရေအတွက်ဟာ ယခင်နှစ်ထက် (၆.၇) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး (၂၅၄,၃၀၀) ခန့် ရှိခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ တစ်သက်တာပျမ်းမျှ ကလေးမွေးဖွားနှုန်းမှာလည်း ၂၀၂၃ ခုနှစ်က ၀.၇၂ ရှိရာမှ ၂၀၂၅ ခုနှစ်မှာ ၀.၈၀ ထိ မြင့်တက်လာခဲ့ပေမယ့်လည်း လူဦးရေ တည်ငြိမ်ဖို့ လိုအပ်တဲ့ ၂.၁ နှုန်းထက် များစွာနိမ့်ကျနေဆဲဖြစ်ပါတယ်။
အိမ်ရာနဲ့ ပညာရေးစရိတ် မြင့်မားခြင်း၊ အလုပ်ခွင် ဖိအားများခြင်းတို့ကြောင့် တောင်ကိုရီးယားစုံတွဲတွေဟာ ကလေးယူဖို့ တွန့်ဆုတ်နေကြပေမယ့်လည်း ရှိပြီးသား ကလေးတစ်ဦးအပေါ် အကောင်းဆုံးပြုစု ပျိုးထောင်လိုတဲ့ ဆန္ဒကြောင့် ကလေးအသုံးအဆောင်ပစ္စည်းဈေးကွက် ဆက်လက်ကြီးထွားလာနေတယ်လို့ သိရပါတယ်။