NP News

K-pop အဖွဲ့(၉၀)ရာခိုင်နှုန်းနီးပါး debut လုပ်နိုင်ခဲ့ပေမယ့်အေဂျင်စီငယ်တွေ ရေရှည်ရပ်တည်နိုင်ဖို့ အခက်အခဲရှိနေ

ရောင်နီ (NP News) - နိုဝင်ဘာလ ၁၁
တောင်ကိုရီးယားနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀)အတွင်း ပွဲဦးထွက် မိတ်ဆက်ခဲ့တဲ့ K-pop Idol အဖွဲ့ေတွရဲ့ (၉၀) ရာခိုင်နှုန်းနီးပါးကို အသေးစားနဲ့အလတ်စားဖျော်ဖြေရေးအေဂျင်စီတွေကို စတင်မိတ်ဆက် (Debut) ပေးခဲ့ပေမယ့်လည်း အဆိုပါအဖွဲ့တွေဟာ နာမည်ကြီးအေဂျင်စီတွေမှ ထွက်ပေါ်လာတဲ့အဖွဲ့တွေထက် ရေရှည်ရပ်တည်နိုင်မှုအားနည်းတယ်လို့ လေ့လာမှုတစ်ရပ်က ဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာ (၉) ရက်က ထုတ်ပြန်ခဲ့တဲ့အဆိုပါလေ့လာမှုအရ ၁၉၉၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ပွဲဦးထွက်ခဲ့တဲ့ K-pop အဖွဲ့ပေါင်း ၁,၁၅၉ ဖွဲ့အနက် ၁,၀၄၂ ဖွဲ့ (၈၉.၉ ရာခိုင်နှုန်း) ဟာ အသေးစားနဲ့ အလတ်စား ဖျော်ဖြေရေး အေဂျင်စီများမှ ဖြစ်ပြီး ၁၁၇ ဖွဲ့ (၁၀.၁ ရာခိုင်နှုန်း) သာ နာမည်ကြီးအေဂျင်စီတွေမှ ပွဲဦးထွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဆိုးလ်မြို့၊ ဆောင်ရှင်းအမျိုးသမီးတက္ကသိုလ်မှ ပါမောက္ခ ကင်မ်ဂျောင်ဆော့ ဦးဆောင်ပြုလုပ်ခဲ့တဲ့ အဆိုပါလေ့လာမှုမှာ နာမည်ကြီး အေဂျင်စီမှ အဖွဲ့တွေ ပျမ်းမျှရပ်တည်နိုင်တဲ့ကာလဟာ (၇.၄) နှစ်ထိ ရှိပေမယ့် အသေးစားနဲ့ အလတ်စားအေဂျင်စီတွေမှ အဖွဲ့တွေတွေကတော့ (၃.၆) နှစ်သာ ရှိတာ တွေ့ရှိခဲ့ပါတယ်။
ဒါအပြင် ပွဲဦးထွက်ပြီး (၅) နှစ်အကြာမှာ နာမည်ကြီးအေဂျင်စီတွေမှ အဖွဲ့တွေရဲ့ (၆၅.၂) ရာခိုင်နှုန်းဟာ ဆက်လက်လှုပ်ရှားလည်ပတ်နေဆဲဖြစ်ပေမယ့်လည်း အသေးစားနဲ့အလတ်စားအေဂျင်စီတွေမှ အဖွဲ့တွကတော့ (၂၈.၇) ရာခိုင်နှုန်းသာ ဆက်လက်ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီကွာဟချက်ကို လျှော့ချနိုင်ဖို့ ပါမောက္ခ ကင်မ်ဂျောင်ဆော့က အသေးစားနဲ့အလတ်စားဖျော်ဖြေရေး အေဂျင်စီတွေကို ပံ့ပိုးပေးမယ့် မူဝါဒအကြံပြုချက် (၁၀) ချက်ကို တင်ပြခဲ့ပါတယ်။ အဲဒီထဲမှာ ဉာဏပစ္စည်းမူပိုင်ခွင့် (IP) ကို အခြေခံတဲ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတွေ ဖန်တီးပေးခြင်း၊ ဒစ်ဂျစ်တယ် ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းတွေမှာ ပံ့ပိုးခြင်းနဲ့နိုင်ငံတကာ ဖျော်ဖြေပွဲတွေ ကျင်းပနိုင်ဖို့ အကူအညီပေးခြင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News