
ရောင်နီ (NP News) - နိုဝင်ဘာလ ၁၁
အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်းကာလီမန်တန်ပြည်နယ်မှာ တောမီးနဲ့ မြေပြင်မီးလောင်ကျွမ်းမှုတွေကို ငြှိမ်းသတ်ဖို့ ရေလာရောက်သယ်ယူနေတဲ့မီးသတ်ရဟတ်ယာဉ်တစ်စင်း နိုဝင်ဘာ (၈) ရက်က ဘာရီတိုမြစ်အတွင်း ပျက်ကျခဲ့ရာ လေယာဉ်အမှုထမ်းတစ်ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။
ဘော်နီယိုကျွန်းပေါ်ရှိ တောင်ပိုင်းကာလီမန်တန်ပြည်နယ် ဘာရီတိုကွာလာဒေသမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်စဉ်မှာ နယူးဇီလန်နိုင်ငံသား လေယာဉ်မှူးနှစ်ဦး အသက်ရှင်လွတ်မြောက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသား လေယာဉ်အမှုထမ်း ယာယန် ဆူပျန်ဆူရီကတော့ နေရာမှာတင် သေဆုံးခဲ့ပါတယ်။ ၎င်းရဲ့ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့က ဒေသစံတော်ချိန် ညနေ (၆) နာရီ (၈) မိနစ်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
Eurocopter EC225LP Super Puma အမျိုးအစား ရဟတ်ယာဉ်ဟာ ဘာရီတိုမြစ်မှ ရေတွေကို အထူးပြုလုပ်ထားတဲ့ ရေပုံးနဲ့ခပ်ယူပြီး မီးလောင်နေတဲ့နေရာတွကို ရေလောင်းချဖို့ လုပ်ဆောင်နေစဉ် ရုတ်တရက် စက်ချို့ယွင်းကာ မြစ်အတွင်း ထိုးကျခဲ့တာဖြစ်ပါတယ်။ အဆိုပါရဟတ်ယာဉ်ကို အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီက ငှားရမ်းအသုံးပြုနေတာ ဖြစ်ပါတယ်။ ယခုဖြစ်ရပ်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် မီးသတ်ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပါတယ်။ နိုဝင်ဘာ (၄) ရက်ကလည်း အလယ်ပိုင်းကာလီမန်တန်ပြည်နယ်ရှိ တောမီးငြှိမ်းသတ်ရေး လုပ်ငန်းဆောင်ရွက်နေတဲ့ စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ဆူမားတြား၊ ဘော်နီယိုနဲ့ ပါပူအာကျွန်းတွေမှာ လပေါင်းများစွာကြာ ဖြစ်ပွားနေတဲ့ တောမီးတွေကို ထိန်းချုပ်ဖို့ ရုန်းကန်နေရပြီး အခုနှစ်အတွင်း မီးလောင်ကျွမ်းမှုကြောင့် မြေဧရိယာ ဟက်တာ (၁.၉) သန်းကျော် ပျက်စီးခဲ့တယ်လို့ သစ်တောပြုန်းတီးမှုစောင့်ကြည့်ရေးအဖွဲ့ Nusantara Atlas က ဖော်ပြချက်အရ သိရပါတယ်။ တောမီးလောင်မှုရဲ့ မီးခိုးတွေကြောင့် အိမ်နီးချင်း မလေးရှား၊ အရှေ့တီမောနဲ့ စင်ကာပူနိုင်ငံတို့အထိ လေထုညစ်ညမ်းမှုတွေဖြစ်ပေါ်ခဲ့ပြီး အားပြင်းတဲ့အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားမှုတွေ ဖြစ်ပေါ်လာခြင်းကလည်း တောမီးတွေပိုမိုပြင်းထန်လာစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။