Myanmar Digital News

အီတလီနိုင်ငံတစ်ဝန်းရှိ ရာပေါင်းများစွာသောကျောင်းများ ဗုံးခွဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခံရ

ရောမ   နိုဝင်ဘာ  ၁၁

ဗုံးခွဲတိုက်ခိုက်ခံရမည်ဟု ခြိမ်းခြောက်ခံခဲ့ရသဖြင့်  အီတလီနိုင်ငံတစ်ဝန်းရှိ  ကျောင်းရာပေါင်းများစွာရှိ  ကျောင်းသူ ကျောင်းသားများနှင့်  ဆရာ   ဆရာမများကို   နိုဝင်ဘာ  ၁၁ ရက်က ဘေးလွတ်ရာသို့  အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။ အဆိုပါ ခြိမ်းခြောက်မှုသည် ရောမ၊ မီလန်၊ ဖလောရင့်စ် စသည့် အဓိကမြို့ကြီးများ  အပါအဝင်  နိုင်ငံတစ်ဝန်းရှိ  ကျောင်းအုပ်ချုပ်ရေးအဖွဲ့များထံ အီးမေးလ်များ  ပေးပို့ခံခဲ့ရခြင်းမှ   စတင်ခဲ့ခြင်းဖြစ်သည်။

ဗုံးခြိမ်းခြောက်ခြင်းကို ကျောင်းပေါင်း အနည်းဆုံး ၃၀၀ ခန့်ခံခဲ့ရပြီး အရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း အီတလီပညာရေးဝန်ကြီး   ဂျူဆက်ပီ ဗယ်လ် ဒီတာရာ၏   ပြောကြားချက်ကို ကိုးကား၍   La7   ရုပ်သံဌာနက ဖော်ပြသည်။ ရောမ၊ မီလန်နှင့် နေပယ်မြို့များအပါအဝင် တူရင်၊ ဘာရီ၊ ပါလာမိုနှင့်  အခြားမြို့များရှိ မူလတန်းကျောင်းများ၊  မူကြိုကျောင်းများလည်း  ခြိမ်းခြောက်စာ လက်ခံရရှိခဲ့ကြသည်။

ရဲတပ်ဖွဲ့နှင့် ကာရာဘီနီယာရီ လုံခြုံရေးတပ်ဖွဲ့များက ဖောက်ခွဲရေးပစ္စည်း ရှာဖွေရေးကျွမ်းကျင်သူများနှင့် ပူးပေါင်းကာ သက်ဆိုင်ရာကျောင်းများတွင် လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ လက်ရှိအချိန်အထိ ဗုံးရှိကြောင်း သက်သေအထောက်အထား မတွေ့ရှိရသေးသော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျောင်းများကို   ပိတ်သိမ်းကာ ကျောင်းသားများနှင့်ဆရာ ဆရာမများကို   နေအိမ်သို့  ပြန်လွှတ်ခဲ့သည်။ 

ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကလည်း  အခြေအနေကို အရေးပေါ်ဆွေးနွေးရန် အစိုးရအဖွဲ့အစည်းအဝေးခေါ်ယူထားကြောင်း  သတင်းများက ဆိုသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News