၁၂.၁၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့၏ ကျယ်ပြန့်သောမြို့နယ်တစ်ခုဖြစ်သည့် ဘရွတ်ကလင်းမြို့တွင် နိုဝင်ဘာလ ၁၁ ရက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုဘေးရှိ သုံးထပ်အဆောက်အအုံတစ်ခု ပြိုကျခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး ၁၆ ဦးဒဏ်ရာရကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း နယူးယောက်မြို့တော်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။
ဒဏ်ရာရသူများအနက် လေးဦးမှာ ဒဏ်ရာပြင်းထန်ကာ ၁၂ ဦးမှာ ပုံမှန်အခြေအနေတွင်ရှိကြောင်းလည်း နယူးယောက်မြို့တော်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက ပြောခဲ့သည်။

အခန်းလေးခန်းပါ အဆိုပါ တိုက်ခန်းအဆောက်အအုံက ၁၉၃၀ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြိုကျသွားခဲ့ပြီးနောက်တွင် မြေတူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဘေးချင်းကပ်လျက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲသို့ ကျရောက်သွားခဲ့ကြောင်း မြို့တော်မီးသတ်ဌာန အကြီးအကဲ ဂျွန် အက်စ်ပိုဆီတိုက ပြောကြားသည်။
ထိုအချိန်တွင် ကယ်ဆယ်ရေးအဖွဲ့များသည် အပျက်အစီးပုံများကြား၌ အခြားထိခိုက်ခံရသူများ ရှိ၊ မရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ပြိုကျရသည့်အကြောင်းရင်းကို စုံစမ်းစစ် ဆေးလျက်ရှိကြောင်းလည်း အက်စ်ပိုဆီတိုက ပြောကြားခဲ့သည်။
ဘရွတ်ကလင်းမြို့၊ ဖလတ်ဘုရှ် (Flatbush) ရပ်ကွက်ရှိ အဆိုပါအဆောက်အအုံသည် ညနေ ၄ နာရီခန့်တွင် ပြိုကျခဲ့ချိန်၌ အိမ်တွင်း၌ လူမည်မျှရှိနေသည်ကို ချက်ချင်းမသိရှိရသေးကြောင်း တာဝန်ရှိသူများက ပြောသည်။ ပြိုကျချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်သမား မည်မျှရှိနေသည်ကိုလည်း ၎င်းတို့က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အဆောက်အအုံ ပြိုကျပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက တစ်မိနစ်အတွင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ပြီး အပျက်အစီးများကြားမှ ထိခိုက်ခံရသူများကို ကူညီဆယ်ထုတ်ပေးခဲ့ကြောင်း တာဝန်ရှိသူများက ညနေပိုင်း သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားသည်။
အဆောက်အအုံ ပြိုကျပြီး ၂ နာရီမှ ၂ နာရီခွဲခန့်အကြာတွင် အပျက်အစီးများကြားမှ အသက်ရှင်ကျန်ရစ်သူ အနည်းဆုံးလေးဦးကို ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ၎င်းတို့အထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း နယူးယောက်ရုပ်သံလိုင်း WABC-TV က သတင်းဖော်ပြထားသည်။
ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် နေရာတစ်ခုလုံးတွင် “ထိခိုက်နစ်နာသူများ ရှိ၊ မရှိ ရှာဖွေစစ်ဆေးရန်” ရက်အတော်ကြာ အချိန်ယူရမည်ဖြစ်ကြောင်း အက်စ်ပိုဆီတိုက ပြောကြားခဲ့ပြီး “စုစုပေါင်း လူမည်မျှ ပျောက်ဆုံးနေသည်ကို ကျွန်ုပ်တို့ မသိရှိရသေးပါ” ဟု ဖြည့်စွက်ပြောဆိုသည်။
Ref: Aljazeera