၁၂.၁၁.၂၀၂၆
Translated by Htwe Ko Tun
စပိန်နိုင်ငံတွင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် သန်းနှင့်ချီ ပါဝင်သည့် အထွေထွေသပိတ်ကြီးတစ်ခု ဖြစ်ပွားလာခဲ့ခြင်းနှင့်အတူ နိုင်ငံအတွင်း ကြုံတွေ့နေရသည့် အိမ်ရာပြဿနာကို ဆန့်ကျင်ကန့်ကွက်ရန် နိုင်ငံသား သိန်းနှင့်ချီ၍ လမ်းမများပေါ်သို့ ထွက်လာခဲ့ကြကြောင်း သိရသည်။ ဤအကျပ်အတည်းကြောင့် စပိန်နိုင်ငံအနေဖြင့် နိုဝင်ဘာလ ၂၉ ရက်တွင် ကြိုတင်ရှောင်တခင်ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ ဖြစ်လာခဲ့ကြောင်းလည်း သိရသည်။
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တော်တွင် နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း နိုင်ငံသား ၁၂၀,၀၀၀ ခန့် လမ်းမများပေါ် ထွက်ကာ ဆန္ဒပြခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ထိုသို့ အိမ်ရာပြဿနာကို ဆန့်ကျင်ကန့်ကွက်သူများ ဆန္ဒမပြမီ အစောပိုင်း အချိန်က အလုပ်သမား သန်းနှင့်ချီ ပါဝင်သည့် အထွေထွေသပိတ်ကြီးတစ်ခု ပြုလုပ်ခဲ့ရာ ဥရောပ၏ စတုတ္ထမြောက်အကြီးမားဆုံး စပိန်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းလည်ပတ်မှုများကို ရပ်တန့်သွားစေခဲ့ သည်။ စပိန်နိုင်ငံတွင် ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် ဤသပိတ်တွင် “လစာ၊ အိမ်ရာ၊ ဈေးနှုန်းများ” ဟူသော ဆောင်ပုဒ်ကို အသုံးပြုခဲ့ကြသည်။

အိမ်ရာရှားပါးမှုနှင့် မခံမရပ်နိုင်လောက်အောင် မြင့်မားနေသည့် အိမ်လခများကြောင့် လူအများအပြား လမ်းမပေါ် ထွက်လာခဲ့ကြခြင်း ဖြစ်သည်။
ဘာစီလိုနာမြို့တွင်လည်း လူပေါင်း ၅၅,၀၀၀ ခန့် ညနေပိုင်း ချီတက်ပွဲများ၌ ပါဝင်ခဲ့ကြောင်း မြို့၏တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ၎င်းတို့သည် “ဘဝတွင်ရှင်သန်နေထိုင်ခြင်းက အသက်ရှင်နေရုံသက်သက်အတွက် မဟုတ်” ဟု ရေးသားထားသည့် ကြီးမားသော ဆိုင်းဘုတ်တစ်ခုနောက်မှ လိုက်ပါချီတက်ခဲ့ကြသည်။ သို့သော် မြို့တွင်းရှိ အိမ်ရာကဏ္ဍဆိုင်ရာ တက်ကြွလှုပ်ရှားသူများကမူ လူဦးရေ ၄၀၀,၀၀၀ ခန့် လမ်းမပေါ် ထွက်လာခဲ့ကြသည်ဟုဆိုကာ ဆန္ဒပြသူ ပိုမိုများပြားကြောင်း ပြောဆိုကြသည်။
မကြာသေးမီက ဥရောပနိုင်ငံအချို့တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများနည်းတူ ဤနေရာတွင်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအပြီး၌ လူငယ်အုပ်စုအချို့က အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် ဘာစီလိုနာမြို့၏ အဓိက ဈေးဝယ်လမ်းမကြီးတစ်လျှောက်ရှိ ဆိုင်ခန်းများ၏ မှန်ပြတင်းပေါက်များကို ရိုက်ခွဲဖျက်ဆီးခဲ့ကြသည်။ ထို့အပြင် အမှိုက်ပုံးများကို မီးရှို့ခြင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ၎င်းတို့အား မီးရှူးမီးပန်းများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
နိုဝင်ဘာလ ၁၁ ရက် နံနက်အစောပိုင်းအချိန်တွင် စပိန်နိုင်ငံတစ်ဝန်းရှိ အလုပ်သမားများက နိုင်ငံ၏ နေရာအများအပြားတွင် မုန်တိုင်းထန်သော ရာသီဥတု ရှိနေသော်လည်း လူအများအပြား စုဝေးခဲ့ကြပြီး ချီတက်ပွဲများ ပြုလုပ်ကာ ဆန္ဒပြနေရာတားဆီးရေးစည်းများ ချမှတ်ခဲ့ကြသည်။

ယခု အကျပ်အတည်းသည် မက်ဒရစ်မြို့တွင် ယခုနှစ်အစောပိုင်းက အသက် ၈၇ နှစ်အရွယ်ရှိ မာရီကာမန် အဘာစကယ်လ် ဆိုသူ အမျိုးသမီးတစ်ဦး နေအိမ်မှ နှင်ထုတ်ခံရပြီးနောက် သေဆုံးခဲ့ရသည့် ဖြစ်ရပ်နှင့် ဆက်စပ်နေသည်။ ဤအခြေအနေများကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကြိုတင်ရှောင်တခင်ရွေးကောက်ပွဲ ကျင်းပရန် ဖြစ်လာခဲ့သည်။
လက်ဝဲယိမ်းဝါဒီ ဝန်ကြီးချုပ် ပက်ဒရို ဆန်ချက်ဇ် ဦးဆောင်သော အစိုးရသည် အိမ်ငှားများ၏ အခက်အခဲများကို သက်သာစေမည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းရန် ကြိုးပမ်းခဲ့သော်လည်း လွှတ်တော်အတွင်းရှိ အတိုက်အခံပါတီများ၏ ဟန့်တားမှုကို ခံခဲ့ရသည်။ ဥပဒေတစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းနိုင်လောက်သည့် အင်အားမရှိသဖြင့် ဆန်ချက်ဇ်သည် မိမိအပေါ် ထောက်ခံမှု ပိုမိုရရှိလာစေရန် မျှော်လင့်ချက်ဖြင့် ရွေးကောက်ပွဲကို စောစီးစွာ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
ပါလီမန်က ပယ်ချခဲ့သည့် အိမ်ရာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ဆင်တူသော အစီအမံများ ပါဝင်သည့် အထူးအမိန့်ကြော်ငြာစာ နှစ်စောင်ကို ဆန်ချက်ဇ်၏ အစိုးရက နောက်ဆုံးတွင် အတည်ပြုပြဋ္ဌာန်းလိုက်သည်။
“ဒီနိုင်ငံရဲ့ အိမ်ရာစနစ်ကို အစအဆုံး ပြောင်းလဲပစ်နိုင်တဲ့အထိ ကျွန်မတို့ ရပ်တန့်မှာ မဟုတ်ပါဘူး။ အိမ်တွေဆိုတာ လူနည်းစု အိမ်ပိုင်ရှင်တွေရဲ့ အကျိုးစီးပွားအတွက် ဖြစ်နေမယ့်အစား လူတွေနေထိုင်ဖို့အတွက်သာ ဖြစ်လာစေရပါမယ်” ဟု မက်ဒရစ်မြို့ အိမ်ငှားများသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ အလီစီယာ ဒယ်ရီယိုက ပြောကြားခဲ့သည်။
လက်ဝဲယိမ်း ဝန်ကြီးချုပ် ပီဒရို ဆန်ချက်ဇ် “ဒီနိုင်ငံရဲ့ အိမ်ရာစနစ်ကို အစကနေ အဆုံးအထိ ပြောင်းလဲပစ်နိုင်တဲ့အထိ ကျွန်မတို့ ရပ်တန့်မှာ မဟုတ်ပါဘူး။ အိမ်တွေဆိုတာ လူနည်းစုဖြစ်တဲ့ အိမ်ပိုင်ရှင်တွေအတွက် အကျိုးအမြတ်ရှာပေးစရာ မဟုတ်ဘဲ လူတွေ နေထိုင်ဖို့အတွက်သာ ဖြစ်သင့်ပါတယ်” ဟု မက်ဒရစ်မြို့ အိမ်ငှားများသမဂ္ဂ (Madrid Tenants’ Union) ပြောရေးဆိုခွင့်ရှိသူ Alicia del Rio က ပြောကြားခဲ့သည်။

ဆန္ဒပြပွဲအများစုမှာ ငြိမ်းချမ်းစွာ ဖြစ်ပွားခဲ့သော်လည်း မက်ဒရစ်မြို့ရှိ Mercamadrid လက်ကားဈေးရှေ့တွင် ဆန္ဒပြသူများအပေါ် ရဲတပ်ဖွဲ့က ငရုတ်သီးမှုန့်ပါဝင်သည့် ဓာတုဖြန်းဆေး အသုံးပြုခဲ့သဖြင့် လူ ၁၃ ဦးထက်မနည်း ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
အချို့ လေဆိပ်နှင့် လေကြောင်းလိုင်း ဝန်ထမ်းများလည်း သပိတ်တွင် ပါဝင်ခဲ့ကြသဖြင့် စပိန်နိုင်ငံသို့ ဝင်ထွက်မည့် လေယာဉ်ခရီးစဉ်များ အနှောင့်အယှက် ဖြစ်ပေါ်ခဲ့ကြောင်း လေကြောင်းလိုင်းအချို့က ထုတ်ပြန်ခဲ့သည်။
ဗဟိုဘဏ်၏ ခန့်မှန်းချက်များအရ နိုင်ငံအတွင်း အိမ်ရာလိုအပ်ချက်မှာ ၇၅၀,၀၀၀ ခန့် ရှိနေပြီး ၂၀၂၈ ခုနှစ်တွင် ဤအရေအတွက်သည် တစ်သန်းကျော်အထိ မြင့်တက်လာနိုင်ဖွယ် ရှိသည်။
မိမိပိုင်အိမ် ဝယ်ယူနိုင်စွမ်းရှိသည့် လူပုဂ္ဂိုလ်နှင့် မိသားစု အရေအတွက် လျော့နည်းလာသည်နှင့်အမျှ နိုင်ငံအတွင်း အိမ်ငှားနေထိုင်သူ အရေအတွက်မှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ စပိန်လူငယ်ကောင်စီ၏ အချက်အလက်များအရ ပျမ်းမျှအိမ်လခမှာ ယူရို ၁,၁၇၆ (အမေရိကန်ဒေါ်လာ ၁,၃၁၅) ရှိပြီး၊ ၎င်းပမာဏသည် လူငယ်တစ်ဦး၏ ပျမ်းမျှလစာ ၉၉ ရာခိုင်နှုန်းနှင့် ညီမျှနေသည်။
ယခု အထွေထွေသပိတ်မှာ မီးရထားဝန်ထမ်းများက ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူသေဆုံးမှုများသည့် မီးရထားမတော်တဆမှုကြီး နှစ်ခုနှင့် ပတ်သက်၍ သပိတ်မှောက်ပြီး တစ်ရက်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤအခြေအနေကြောင့် ယိုယွင်းပျက်စီးနေသော အခြေခံအဆောက်အအုံ အိမ်ရာပြဿနာသည် လာမည့် ပါလီမန်ရွေးကောက်ပွဲတွင် အဓိက အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
စပိန်အစိုးရက နိုဝင်ဘာလ ၁၁ ရက်က ပြုလုပ်ခဲ့သည့် သပိတ်မှောက်မှုအား ထောက်ခံခဲ့ပြီး ၎င်းသည် မည်သူ့ကိုမျှ ဆန့်ကျင်ရန်မဟုတ်ဘဲ “အခွင့်အရေးများ ရရှိရေးအတွက်” ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော် ဝန်ကြီးချုပ် ဆန်ချက်ဇ်၏ အသိုင်းအဝိုင်းနှင့် နီးစပ်သူအချို့ကမူ ဤသပိတ်သည် အတိုက်အခံများကို ဆန့်ကျင်ရန် ရည်ရွယ်သည်ဟုပင် ဆိုကြသည်။
ရှေးရိုးစွဲဝါဒီ ပြည်သူ့ပါတီ (People’s Party – PP) ခေါင်းဆောင် အယ်လ်ဘာတို နူညက်ဇ် ဖေးဟူး အကယ်၍ တကယ်တမ်း “အတိုက်အခံများကို ဆန့်ကျင်သည့် သပိတ်” ဖြစ်နေပါက ၎င်းသည် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများအနက် မည်သည့်နိုင်ငံ၌မျှ မရှိဖူးသည့် အဓိပ္ပာယ်မရှိသော ကိစ္စရပ်တစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။
သပိတ်မှောက်မှုကို စီစဉ်သူများထဲမှ တစ်ခုဖြစ်သည့် UGT အလုပ်သမားသမဂ္ဂနှင့် ဝန်ကြီးချုပ် ဆန်ချက်ဇ်၏ ဆိုရှယ်လစ်ပါတီ (PSOE) တို့သည် အဖွဲ့အစည်းချင်း သီးခြားစီဖြစ်သော်လည်း ၎င်းတို့နှစ်ခုစလုံးတွင် Pablo Iglesias Posse ဆိုသူ ပုဂ္ဂိုလ်တစ်ဦးတည်းကပင် တည်ထောင်သူအဖြစ် ပါဝင်ခဲ့သည့် သမိုင်းကြောင်းရှိသည်။
မဲပေးပွဲမတိုင်မီ စပိန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ရထားမတော်တဆမှုက အစိုးရအပေါ် ဖိအားများ ပိုမိုတိုးလာစေခဲ့သည်။
စပိန်နိုင်ငံတွင် လက်ရှိအစိုးရက သပိတ်မှောက်မှုကို ထောက်ခံအားပေးနေသည်ဟု လူအများက ယုံကြည်နေကြသည်။ ထို့အပြင် ဤသပိတ်မှောက်မှုသည် လက်ရှိအစိုးရအတွက် အကျိုးရှိစေနိုင်သည့် “ရွေးကောက်ပွဲဆိုင်ရာ သပိတ်” တစ်ခု ဖြစ်လာနိုင်သလား ဆိုသည့် အငြင်းပွားမှုများလည်း ရှိနေသည်။
Ref: AP, Reuters