
ထိုက်စံ(NP News)-နိုဝင်ဘာ ၁၂
အလုပ်သမားဝန်ကြီးဌာနက (၁၂)နှစ်တာကာလအတွင်း အလုပ်အကိုင် (၄၂) မျိုးတွင် အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် စုစုပေါင်း (၃၃၅၈၀) ဦးတို့အား ပေးအပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အနေဖြင့်( ၂၀၁၄) ခုနှစ်မှ(၂၀၂၆) ခုနှစ်၊ အောက်တိုဘာလအထိ အလုပ်အကိုင် (၄၂) မျိုးတွင် ကျွမ်းကျင်မှုအဆင့်-၁ (၃၀၃၁၆) ဦး၊ အဆင့်-၂ (၃၂၃၉) ဦးနှင့် အဆင့်-၃ (၂၅) ဦး စုစုပေါင်း (၃၃၅၈၀) တို့အား အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ် နိုင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယမန်နေ့(နိုဝင်ဘာ ၁၁ ရက်)တွင် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA)၏ အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ ကျင်းပခဲ့သည်။
ကုန်ထုတ်လုပ်မှု စွမ်းအား တိုးတက်စေရေး၊ ကျွမ်းကျင်မှုအခြေပြု ကုန်ထုတ်လုပ် မှုမြှင့်တင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်သားဈေးကွက်လိုအပ် ချက်နှင့်ကိုက်ညီသော ကျွမ်းကျင်လုပ်သားများ ရရှိစေရေးတို့အတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများတည်ထောင်ကာ ဒေသလိုအပ် ချက်နှင့်ကိုက်ညီသော ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ခြင်းများပြုလုပ်နေကြောင်းသိရသည်။
ထို့အပြင် စက်ရုံ၊ အလုပ်ရုံများ၊ စက်မှုဇုန် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အလုပ်သင်စနစ် (Apprenticeship)၊ လုပ်ငန်းခွင်တွင်း ကျွမ်းကျင်မှု မြှင့်တင်ရေး (In-Company Training) နှင့် နှစ်လမ်းသွားပညာရေး (Dual VET System) လုပ်ငန်းစဉ် များကို တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်ကပြောကြားခဲ့ကြောင်း သိရသည်။
NSSA အနေဖြင့် မြန်မာနိုင်ငံအမျိုးသားပညာ ရေးအဆင့်မူဘောင် (Myanmar National Quali-fication Framework - MNQF) ပညာရေးကဏ္ဍနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုတို့ကို တစ်သားတည်းပေါင်းစပ်ပေးနိုင်သော (Lifelong Learning Pathway) စနစ်ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။
ကျွမ်းကျင်လုပ်သားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် မိမိတို့၏ကျွမ်းကျင်မှုကို တရားဝင်အသိအမှတ်ပြု ခံရစေရန် (Cross-Border Labour Mobility)၊ ဒေသ တွင်းစံနှုန်းများနှင့် ကိုက်ညီစေရေး အကဲဖြတ်စစ်ဆေး မှုများကို ဆောင်ရွက်နိုင်ရန် နိုင်ငံအချင်းချင်း ကျွမ်းကျင်မှုအသိအမှတ်ပြုရေး (Mutual Recogni-tion of MRS)ကိုလည်း အိမ်နီးချင်းထိုင်းနိုင်ငံနှင့် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး အလုပ်အကိုင် (၁၀) မျိုး အတွက် စစ်ဆေးအကဲဖြတ်ရာတွင် ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့သည့် အရည်အသွေးပြည့်မီသူ (၈၆၅) ဦး၊ စစ်ဆေးအကဲဖြတ်သူ (၇)ဦးနှင့် စစ်ဆေးအကဲဖြတ် ရေးဌာန(၂)ခုကို အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။