
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၂
နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လူနေမြေကွက်နှင့် လူမနေသည့် မြေကွက်လွတ် များတွင် မြက်နှင့်ချုံနွယ်များ ရှင်းလင်းရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ပြီးခဲ့သည့် နိုဝင်ဘာ (၆) ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ လူနေထိုင်သည့်မြေကွက်များနှင့် လူနေထိုင်ခြင်းမရှိသည့် မြေကွက်များတွင် ပေါက်ရောက်နေသော အမြင်မတင့်တယ်သည့် မြက်နှင့်ချုံနွယ်ပိတ်ပေါင်းများကို မြေကွက်ပိုင်ရှင်များက မိမိအစီအစဉ်ဖြင့် ရှင်းလင်းဖယ်ရှားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ရှင်းလင်းခိုင်းခြင်းမှာ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မြို့တော်သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ရှင်းလင်းခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်ကို နေပြည်တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်ကြော်ငြာစာအမှတ် (၆၆/၂၀၂၆) ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်ကို နိုင်ငံတော်၏ မြို့တော်တစ်ခုအဖြစ် သန့်ရှင်းသပ်ရပ်ပြီး စည်ပင်သာယာမှုရှိစေရေးအတွက် ပြည်သူများအနေဖြင့် ပူးပေါင်းလိုက်နာဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။