
စော(NP News)-နိုဝင်ဘာ ၁၂
(၈)ကြိမ်မြောက် မြန်မာ-အိန္ဒိယရေတပ်လေ့ကျင့်ခန်း IMNEX-26ကို ပြီးခဲ့သည့်နိုဝင်ဘာလ(၁၀)ရက်တွင် ဗီဆာခါပတ္တနမ်မြို့၌ စတင်ခဲ့ပြီး နိုဝင်ဘာလ(၁၄)ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရေတပ်သင်္ဘောဆင်ဖြူရှင်သည် အိန္ဒိယရေတပ်သင်္ဘောများဖြစ်သည့် INS Rana၊ INS Sumedha တို့နှင့်အတူ ရေတပ်လေ့ကျင့်ခန်းများကို လုပ်ဆောင်ရန် ပြီးခဲ့သည့်နိုဝင်ဘာလ(၁၀)ရက်တွင် အိန္ဒိယနိုင်ငံသို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို INS Ranaသင်္ဘောပေါ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထို့ပြင် IMNEX-26လေ့ကျင့်ခန်းသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား ပရော်ဖက်ရှင်နယ်အတွေ့အကြုံများဖလှယ်ရန်၊အပြန်အလှန်နားလည်မှုများတိုးတက်စေရန်နှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်းအားဖြင့် ရေကြောင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေမည့် လေ့ကျင့်ခန်းတစ်ခုဖြစ်ကြောင်းလည်းသိရသည်။
မြန်မာနှင့်အိန္ဒိယရေတပ်တို့သည် ပူးပေါင်းရေကြောင်းစစ်ဆင်ရေးများ၊နည်းဗျူဟာပိုင်းဆိုင်ရာလှုပ်ရှားမှုများနှင့် ပါဝင်သည့်တပ်ဖွဲ့များကြား ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်သည့် အခြားလေ့ကျင့်ခန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
IMNEX-26 လေ့ကျင့်ခန်းသည် မြန်မာနှင့်အိန္ဒိယတို့ကြား ခိုင်မာသောမိတ်ဖက်ဆက်ဆံရေးနှင့် ရေကြောင်းဆိုင်ရာမိတ်ဖက်ဆက်ဆံရေးကို မီးမောင်းထိုးပြနေခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ MAHASAGAR (ဒေသတွင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန်နှင့် ဘက်စုံတိုးတက်ရေး) မျှော်မှန်းချက်နှင့်လည်းကိုက်ညီကာ တည်ငြိမ်သောဒေသတွင်း ပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် နှစ်နိုင်ငံရေတပ်၏ ပူးတွဲကတိဝတ်များကိုလည်း သက်သေပြနေခြင်းဖြစ်သည်။