NP News

တစ်ရက်အတွင်းကျပ်သန်း(၇၄၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၂
ယမန်နေ့နိုဝင်ဘာ(၁၁)ရက်နေ့က ရန်ကုန်တိုင်းတာမွေမြို့နယ်နှင့်ရှမ်းပြည်နယ်လားရှိုးမြို့တို့တွင် ငွေကျပ်သန်း(၇၄၀)တန်ဖိုးရှိမူးရစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ၏ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးထောင့်ကန်လမ်းတွင် ယမန်နေ့ (နိုဝင်ဘာ ၁၁ရက်) က ကျော်နိုင်၊ ဇေယျာကျော် နှင့် အောင်ခင်တို့ မောင်းနှင်လာသည့် TOYOTA COROLLA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်ပေါ်မှ ငွေကျပ် သန်း (၆၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား (၃၀၀,၀၀၀) ပြားနှင့် လက်ကိုင်ဖုန်း (၃) လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ကျော်နိုင်(၄၂)နှစ်၊ ဇေယျာကျော်(၄၃)နှစ် နှင့် အောင်ခင်(၃၅)နှစ်တို့ကို တာမွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၈)၊ အင်ကြင်းလမ်းတွင် ယမန်နေ့ (နိုဝင်ဘာ ၁၁ရက်) က ကျော်လင်း(ခ)ကဒီမွတ်လာ နှင့်စောလင်းထက်(ခ)ကိုထက်စတို့ မောင်းနှင်လာသည့် ယာဉ်ပေါ်မှ ငွေကျပ် သန်း (၁၄၇) တန်ဖိုးရှိ စိတ်ကြွဆေးပြား (၂၉၄,၀၀၀) ပြားနှင့် လက်ကိုင်ဖုန်း (၁) လုံးတို့ကို ကျော်လင်း(ခ)ကဒီမွတ်လာ နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စောလင်းထက်(ခ)ကိုထက်မှာ ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ ကျော်လင်း(ခ)ကဒီမွတ်လာ(၄၈)နှစ် နှင့် စောလင်းထက်(ခ)ကိုထက် တို့ကို လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — NP News