Pika (NP News)-နိုဝင်ဘာ ၁၂
စပိန်နိုင်ငံမှာ နိုဝင်ဘာလ(၁၁)ရက်က အချိန်(၁၄)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အကြီးစား သပိတ်မှောက်ဆန္ဒပြပွဲတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ပွဲစီစဉ်သူတွေရဲ့အဆိုအရ လူပေါင်း(၁)သန်းကျော်က အဆမတန်မြင့်တက်လာနေတဲ့ အိမ်လခတွေကို ဆန့်ကျင်ကန့်ကွက်ဖို့နဲ့ အိမ်ငှားတွေအတွက် ခိုင်မာတဲ့ အကာအကွယ်တွေရရှိဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
နေ့ဘက်ဆန္ဒပြမှုတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့ပေမယ့်လည်း ဘာစီလိုနာမြို့မှာဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲက ပစ္စည်းလုယက်မှုတွေ၊ဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့တို့ကြား ထိပ်တိုက်တွေ့ဆုံမှုတွေအထိပါ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဒါ့ပြင် အလုပ်သမား(၄)သန်းခန့်က သပိတ်မှောက်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။
စပိန်နိုင်ငံမှာ လာမယ့်နိုဝင်ဘာလ(၂၉)ရက်မှာကျင်းပဖို့စီစဉ်ထားတဲ့ ကြိုတင်လွှတ်တော်ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ်(၃)ပတ်နီးပါးလောက်အလိုမှာ ဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ(၂)ရက်က လွှတ်တော်က အိမ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမိန့်စာနှစ်စောင်ကို ပယ်ချခဲ့ပြီးနောက် ဆိုရှယ်လစ်ဝန်ကြီးချုပ်ပီဒရိုဆန်းချက်ဇ်က ရွေးကောက်ပွဲကို စောစောစီးစီးကျင်းပဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီအမိန့်စာနှစ်စောင်ထဲမှာ အိမ်လခနှုန်းထားကန့်သတ်ဖို့၊အိမ်ငှားတွေနေအိမ်ကနေနှင်ထုတ်ခံရတာမျိုးမရှိစေဖို့ ခိုင်မာတဲ့ အကာအကွယ်တွေပေးအပ်ဖို့နဲ့ အိမ်ခြံမြေဈေးကွက်ကစားတာကို ကန့်သတ်တာမျိုးတွေပါဝင်တယ်လို့လည်းသိရပါတယ်။
ဒါ့ပြင် ဒီဆန္ဒပြပွဲက လူတန်းစားတိုက်ပွဲဖြစ်ကြောင်းနဲ့ မက်ဒရစ်မြို့က အိမ်ပိုင်ရှင်ကြီးစိုးမှုစနစ်ရဲ့သုဿန်ဖြစ်လာလိမ့်မယ်လို့ ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ကြတာလည်းဖြစ်ပါတယ်။
စပိန်မှာ (၁၄)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အကြီးဆုံးဆန္ဒပြပွဲကြီးပေါ်ပေါက်လာ
မူရင်းသတင်း — NP News