NP News

မြောက်ကိုရီးယား၏ရေတပ်စခန်း တည်ဆောက်မှုကို ကင်ဂျုံအမ် ကြီးကြပ်

ဂျန်ဇက်(NP News) - နိုဝင်ဘာ ၁၂
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်သည် နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းရှိ ရေတပ်စခန်း တည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်စစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနကထုတ်ပြန်ခဲ့သည်။မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုများ ချထားရေးနှင့်ပတ်သက်၍ လမ်းညွှန်ချက်များ ချမှတ်ခဲ့ပြီး ရေတပ်ဆိပ်ကမ်း တည်ဆောက်ရေး အရှိန်အဟုန်မြှင့်တင်ရန် ကွပ်ကဲရေးနှင့် ဆောက်လုပ်ရေးတပ်ဖွဲ့များကို ပိုမိုအားကောင်းစေရန် အမိန့်ပေးခဲ့ကြောင်း KCNA က ဆိုသည်။
အဆိုပါရေတပ်စခန်း တည်ဆောက်နေသည့်နေရာအနီး ကန်ဝွန်ပြည်နယ် သောင်་ချွန်ခရိုင်တွင် တည်ဆောက်ထားသော လူနေရပ်ကွက်သစ် ၁,၀၀၀ ကျော်ကိုလည်း ကင်ဂျုံအမ်ကသွားရောက်စစ်ဆေးခဲ့ကြောင်း KCNA က သီးခြားထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ သို့သော် ၎င်းစစ်ဆေးခဲ့သော ရေတပ်စခန်းမှာ အဆိုပါနေရာ ဟုတ်မဟုတ်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ကင်ဂျုံအမ်၏ ဦးဆောင်မှုအောက်တွင် မြောက်ကိုရီးယားသည် အဓိကရေပြင်များတွင် မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုများချဲ့ထွင်ရန် အာရုံစိုက်လာကာ ရေတပ်ခေတ်မီဆန်းသစ်ရေး ကြိုးပမ်းချက်များကို အရှိန်မြှင့်တင်လာခဲ့ကြောင်းသိရသည်။
နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ ယခုနှစ်အစောပိုင်းတွင် မြောက်ကိုရီးယား၏ တန် ၅,၀၀၀ ရှိ ဖျက်သင်္ဘောနှစ်စင်းဖြစ်သော Choe Hyon နှင့် Kang Kon တို့သည် ဇွန်လနှင့် စက်တင်ဘာလတို့တွင် အသီးသီး တာဝန်ထမ်းဆောင်ခဲ့ကြသည်။ Kang Kon ဖျက်သင်္ဘောသည် မြောက်ကိုရီးယား၏ နိုင်ငံတော် နူကလီးယား တုံ့ပြန်ရေးစနစ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာမည်ဖြစ်ကြောင်း စက်တင်ဘာလတွင် ကင်ဂျုံအမ်က ပြောကြားခဲ့သည်။ထို့အပြင် တန် ၈,၇၀၀ အတန်းအစား နူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းကိုလည်း တည်ဆောက်နေကြောင်း မြောက်ကိုရီးယားကပြောသည်။

မူရင်းသတင်း — NP News