Myanmar Transparency News

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒက်ကာ-တန်ဂေးလ် အဝေးပြေးလမ်းမကြီးကို လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုလျက် စက်ရုံအလုပ်သမားများက ပိတ်ဆို့

၁၂.၁၁.၂၀၂၆
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုလျက် စက်ရုံအလုပ်သမားများက ဒက်ကာ-တန်ဂေးလ် အဝေးပြေးလမ်းမကြီးကို နိုဝင်ဘာလ ၁၂ ရက်တွင် ထပ်မံပိတ်ဆို့ကာ ဆန္ဒပြလျက်ရှိကြကြောင်း သိရသည်။

ဂါဇီပူရ်ခရိုင်၊ ကာလီအာကာဒေသရှိ စက်ရုံအများအပြားမှ အလုပ်သမားများက လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုကာ အဝေးပြေးလမ်းမကြီးပေါ်တွင် ဆန္ဒပြခဲ့ကြသဖြင့် မိုချက်ဒေသရှိ ဒက်ကာ-တန်ဂေးလ် အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

စက်ရုံအများအပြားကလည်း နိုဝင်ဘာလ ၁၂ ရက်ကို အလုပ်ပိတ်ရက်အဖြစ် ကြေညာထားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် အနီးနားရှိ စက်ရုံအများအပြားမှ အလုပ်သမားများသည် အလုပ်မဝင်ဘဲ လမ်းမကြီးပေါ်သို့ ထွက်လာခဲ့ကြရာမှ အဆိုပါ ပိတ်ဆို့မှုများ စတင်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဂါဇီပူရ်မြို့၊ ကိုနာဘာရီနယ်မြေ၊ ဂျာရန်းရပ်ကွက်ရှိ Islam နှင့် Standard အထည်ချုပ်စက်ရုံများမှ အလုပ်သမားများသည်လည်း အလုပ်မဝင်ဘဲ စက်ရုံအပြင်ဘက်တွင်သာ ရှိနေကြသည်။

တာဝန်ရှိသူများက ကိုမာဘာရီရှိ MM Knitwear Limited စက်ရုံကို အကန့်အသတ်မရှိ ပိတ်ထားရန် ကြေညာလိုက်သည်။

ကာလီအာကာ ရဲစခန်းမှ တာဝန်ခံအရာရှိ ရှာဟီဒူလ် အစ္စလမ်က မိုချက်ဒေသရှိ စက်ရုံအများအပြားမှ အလုပ်သမားများသည် နံနက်ပိုင်းတွင် အလုပ်သို့ ရောက်ရှိလာခဲ့ကြသော်လည်း နောက်ပိုင်းတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုကာ ဆန္ဒပြခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စက်ရုံတာဝန်ရှိသူများက အလုပ်ပိတ်ရက်အဖြစ် ကြေညာလိုက်ရာ အလုပ်သမားများက ဒက်ကာ-တန်ဂေးလ် အဝေးပြေးလမ်းမကြီးပေါ်သို့ ထွက်လာပြီး ယာဉ်သွားလာမှုကို ပိတ်ဆို့ ရပ်တန့်စေခဲ့ကြောင်း ၎င်းက ဆိုသည။်

မိုချက်နှင့် ၎င်း၏ ပတ်ဝန်းကျင်ဒေသများရှိ စက်ရုံအများအပြားမှာ ထိုအချိန်မှစ၍ အားလပ်ရက်အဖြစ် ကြေညာခဲ့ကြခြင်းဟု သိရသည်။

Ref: Dhaka Tribune

မူရင်းသတင်း — Myanmar Transparency News