
ထိုက်စံ(NP News)-နိုဝင်ဘာ ၁၂
KIA ၊ KPDF နှင့် PDF အဖွဲ့ဝင် (၆)ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်ခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဥပဒေဘောင်အတွင်း လက်နက်၊ခဲယမ်းများနှင့်အတူ ပြန်လည် ဝင်ရောက်လာကြသည့် KIA ၊ KPDF နှင့် PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယမန်နေ့(နိုဝင်ဘာ ၁၁ ရက်)၊နံနက်ပိုင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် M-79 LL (၄၀) မမ ဆုံလည်သေနတ် (၁)လက်၊ K-25 သေနတ် (၂)လက်၊ KA သေနတ် (၁)လက်၊ (၄၀) မမ ဗုံးသီး အလုံး (၂၀) ၊ လက်ပစ်ဗုံး (၁)လုံး၊ (၇ ဒသမ ၆၂) ကျည်အတောင့် (၂၇၀) ၊ ကျည်အိမ်မျိုးစုံ (၅)ခု၊ ကျည်ကာအင်္ကျီ(၁)ထည်နှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
ထို့ပြင် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ များအား ၎င်းတို့နှင့်အတူပါရှိသည့် M-79 LL (၄၀) မမ ဆုံလည်သေနတ်(၁)လက်အတွက် ငွေကျပ် (၇၅) သိန်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် (၃)လက်အတွက် ငွေကျပ်သိန်း (၁၅၀)၊ (၄၀) မမ ဗုံးသီးအလုံး (၂၀) အတွက် ငွေကျပ်သိန်း (၆၀)၊ လက်ပစ်ဗုံး (၁)လုံးအတွက် ငွေကျပ် (၃)သိန်း၊ ကျည်ကာအင်္ကျီ (၁)ထည်အတွက် ငွေကျပ် (၂)သိန်း၊ အလင်းဝင်ရောက်လာသူ (၆)ဦးအတွက် ငွေကျပ် သိန်း(၉၀) တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။