
ထိုက်စံ(NP News)-နိုဝင်ဘာ ၁၂
ထိုင်းရောက် မြန်မာလုပ်သားများ လုပ်ခလစာနှင့် ဝင်ငွေများ လွှဲပြောင်းရာတွင် ထိုင်းဘဏ်များ၏ မိုဘိုင်းအက်ပလီကေးရှင်းများကို အသုံးပြုလာစေမည့် ငွေလဲလှယ်နှုန်းထားတစ်ရပ် သတ်မှတ်နိုင်ရေးဆွေးနွေးခဲ့ကြောင်း မြန်မာ - ထိုင်း နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည့် အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၃) ရက်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ သော် ဆာရလမ် (Mr. Tor Saralamba) သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (Central Bank of Myanmar: CBM) ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးအား သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) အနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများက မြန်မာနိုင်ငံသို့ လုပ်ခလစာနှင့် ဝင်ငွေများ ပြန်လည်လွှဲပြောင်းရာတွင် ထိုင်းဘဏ်များ၏ မိုဘိုင်းအက်ပလီကေးရှင်းများမှတစ်ဆင့်လွှဲပြောင်းမှုများကို ပိုမိုအသုံးပြုလာစေရန် ဆွဲဆောင်နိုင်မည့် သင့်လျော်သော ငွေလဲလှယ်နှုန်းထားတစ်ရပ် သတ်မှတ်ပေးရေးကို အားပေးတိုက်တွန်းရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ထိုင်းပုဂ္ဂလိကလုပ်ငန်းများနှင့် ထိုင်းဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး ထိုင်းသံအမတ်ကြီးက နိုင်ငံခြားငွေကြေး စီးဆင်းလည်ပတ်မှု အဆင်ပြေစေမည့် ပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ရေးကို အားပေးထောက်ခံခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ထိုင်းပုဂ္ဂလိကလုပ်ငန်းများ၏ ဝင်ငွေများကို ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းနိုင်ရေး အားပေးဆောင်ရွက်ရန်၊ ယင်းသို့ ပြန်လည်လွှဲပြောင်းသည့် ငွေကြေးများသည် နောင်တွင် ပြန်လည်လည်ပတ်ကာ မြန်မာနိုင်ငံ၌ ထပ်မံရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။ ထိုင်းဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှုများကို အားပေးမြှင့်တင်ရန်၊ နိုင်ငံခြားငွေကြေး ကိုင်ဆောင်ခွင့် ကန့်သတ်ပမာဏ တိုးမြှင့်ပေးခြင်းနှင့် မတည်ရင်းနှီးငွေများ ထုတ်ယူခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ထိုင်းဘဏ်များ၏ ငွေကြေးလည်ပတ်မှု ပိုမိုကောင်းမွန်လာပြီး မြန်မာနှင့် ထိုင်းပုဂ္ဂလိကလုပ်ငန်းများအား ချေးငွေပိုမိုထုတ်ချေးနိုင်မည်ဖြစ်ကြောင်း သိရသည်။