
ပုလဲ (NP News) - နိုဝင်ဘာ ၁၂
တံတားများသည် ကုန်စည်စီးဆင်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အရေးပါသည့် အခြေခံအဆောက်အအုံများဖြစ်သဖြင့် အရည်အသွေး ပြည့်မီခိုင်ခံ့စွာ တည်ဆောက်ရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က မှာကြားခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဖျာပုံမြို့နယ်အတွင်းရှိ ကျုံကဒွန်း-စက်ဆန်းပေါ်၌ တံတား ဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄) တံတားအထူးအဖွဲ့(၁၅)မှ ငါးဂွတံတား(၆၆)ပေ တည်ဆောက် ခြင်းလုပ်ငန်း၊ ကျုံကဒွန်း(ကမာပို)-ဘုန်းကြီးသောင်လမ်းပေါ်ရှိ မယ်လေးရိုး တံတား ၁၄၀ ပေ တည်ဆောက်ခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ကြည့်ရှုစဉ် တာဝန်ရှိသူများက ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တံတားများသည် ဒေသတွင်း ကျေးရွာများအကြား ဆက်သွယ်သွားလာရေး၊ ကုန်စည်စီးဆင်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အရေးပါသည့် အခြေခံအဆောက်အအုံများဖြစ်သဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီခိုင်ခံ့စွာ တည်ဆောက်ရန် မှာကြားခဲ့သည်။
ထို့အတူ လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး စီမံဆောင်ရွက်ရန် လည်း ထည့်သွင်းမှာကြားခဲ့သည်။
ထို့ပြင် တည်ဆောက်ရေးလုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျ ကြီးကြပ် စစ်ဆေးရန်နှင့် ရေရှည်အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းခွင်အရည်အသွေးကို အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။