NP News

တရားမဝင်ရေသွယ်မှုများ ပြုလုပ်ပါက ငွေဒဏ် ကျပ် (၁) သိန်းမှ (၅) သိန်းအထိ ချမှတ်မည်ဟု YCDC ထုတ်ပြန်

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၂
ခွင့်ပြုချက်မရှိဘဲ တရားမဝင် ရေဆက်သွယ်သုံးစွဲမှုများ ပြုလုပ်ပါက ငွေဒဏ် ကျပ် (၁) သိန်းမှ (၅) သိန်းအထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က အသိပေးကြေညာထားသည်။
ရန်ကုန်မြို့တော်နေ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေ ရရှိသုံးစွဲနိုင်ရေးအတွက် ရေအရင်းအမြစ်ကြီးများနှင့် ရေသန့်စင်စက်ရုံများမှ သန့်စင်ပြီးသောရေများကို ရေတွန်းစက်ကြီးများအသုံးပြုကာ ရေပို့ပိုက်မကြီးများမှတစ်ဆင့် ရေစုကန်များသို့လည်းကောင်း၊ မြို့နယ်အတွင်းရှိ ရေဖြန့်ဖြူးရေးပိုက်လိုင်းကွန်ရက်များသို့လည်းကောင်း အဆင့်ဆင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေများကို သက်ဆိုင်ရာမြို့နယ်အတွင်းရှိ ရေဖြန့်ဖြူးရေးပိုက်လိုင်းများမှတစ်ဆင့် ရယူသုံးစွဲလိုသူများအနေဖြင့် YCDC ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www.ycdc.gov.mm တွင် ဖော်ပြထားသော အိမ်ရေဆက်သွယ်ခွင့်လျှောက်လွှာပုံစံကို ဖြည့်စွက်လျှောက်ထားနိုင်သကဲ့သို့ မြို့နယ်ရေဖြန့်ဖြူးရေးရုံးများတွင်လည်း လာရောက်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ၂၀၁၈ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၃၆၊ ပုဒ်မခွဲ (ဂ) အရ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်၍ နေအိမ်အတွင်းသို့ ရေဆက်သွယ်ရယူခြင်း၊ ခွင့်ပြုထားသော ရေသွယ်ပိုက်မှ ဆင့်ပွားပိုက်ဆက်တပ်ဆင်ခြင်း၊ လျှပ်စစ်စွမ်းအင် သို့မဟုတ် လက်နှိပ်တုံကင်အသုံးပြု၍ ရေပိုမိုရယူသုံးစွဲခြင်းနှင့် ခွင့်ပြုချက်ဖြင့် တပ်ဆင်ထားသော ရေနှင့်သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းများ၏ အမျိုးအစား၊ အရွယ်အစားနှင့် အရေအတွက်တို့ကို ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲခြင်း၊ တိုးချဲ့တပ်ဆင်ခြင်းတို့ကို ပြုလုပ်ပါက ငွေဒဏ် ကျပ် (၁) သိန်းမှ (၅) သိန်းအထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မူရင်းသတင်း — NP News