
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၂
အကြီးစားလေအားလျှပ်စစ်စီမံကိန်းများအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားခဲ့သည်။
နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ယမန်နေ့ (နိုဝင်ဘာ ၁၁ရက်) က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုး၏ လျှပ်စစ်မီး (၂၄) နာရီ အချိန်ပြည့်ရရှိရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများ ဆောင်ရွက်ထားမှု ရှိ၊ မရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ဒုတိယဝန်ကြီးက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အကြီးစားလေအားလျှပ်စစ်စီမံကိန်းများအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ စီမံကိန်း (၃၀)၊ စုစုပေါင်း (၅၁၀၈) မဂ္ဂါဝပ်ကို ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အကြီးစားလေအားလျှပ်စစ်စီမံကိန်းများအပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် စွမ်းအင်အရင်းအမြစ်တစ်မျိုးတည်းအပေါ် မှီခိုမှုမရှိစေရန် ပြန်ပြည့်မြဲစွမ်းအင်၊ သဘာဝဓာတ်ငွေ့နှင့် အခြားစွမ်းအင်အရင်းအမြစ်များကို ပေါင်းစပ်အသုံးပြုသည့် Generation Mix စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပထမအဆင့်အနေဖြင့် (၅၅) မဂ္ဂါဝပ်စီ ထုတ်လုပ်နိုင်သည့် အငယ်စားနျူကလီးယား ဓာတ်အားပေးစက်ရုံ နှစ်လုံး၊ စုစုပေါင်း (၁၁၀) မဂ္ဂါဝပ် တည်ဆောက်ရန် ရွေးချယ်လျာထားပြီး စီမံကိန်းအကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သန်လျင် (သီလဝါ) နှင့် သာကေတတို့ရှိ ပထမအဆင့် (၅၀၀) မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံများမှလည်း စီးပွားဖြစ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။