NP News

မြန်မာလက်နက်ကိုင်အဖွဲ့ထံ ပို့မည့် ဒရုန်းနှင့် ဆက်စပ်ပစ္စည်းများကို ထိုင်းအာဏာပိုင်များဖမ်းဆီး

ဂျန်ဇက်(NP News)-နိုဝင်ဘာ ၁၂
ထိုင်းအာဏာပိုင်များသည် ပြီးခဲ့သည့်ရက်ပိုင်းက
မြန်မာနိုင်ငံဘက်သို့ တရားမဝင် သယ်ဆောင်ရန် နယ်စပ်အနီးတွင် ဝှက်ထားသော ဒရုန်းအစိတ်အပိုင်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။ထိုင်းအာဏာပိုင်များသည် (Salween River) တစ်လျှောက်တွင် ပြုပြင်ထားသော စိုက်ပျိုးရေးသုံး ဒရုန်းအစိတ်အပိုင်း အမြောက်အများကို ကြားဖြတ်ဖမ်းဆီးရမိခဲ့ပြီး သံသယရှိသူ တစ်ဦးကို ဖမ်းဆီးခဲ့နိုင်ခဲ့ကြောင်းသိရသည်။ ဖမ်းဆီးရမိသူ၏ထွက်ဆိုချက်အရအဆိုပါဒရုန်းများကို မြန်မာနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် သယ်ဆောင်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်ဟု သ်ရသည်။ ထိုင်းအာဏာပိုင်များသည် နိုဝင်ဘာ ၇ ရက်နေ့ကမယ်ဆမ်လပ် (Mae Sam Laep)ဒေသရှိ မယ်ပွာ (Mae Pua) တောအတွင်းယာယီအခြေစိုက် ကင်းလှည့်စဉ် အဆိုပါ ပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုင်းအာဏာပိုင်များသည်တောနင်းကင်းလှည့်နေစဉ်အတွင်း မယ်ဆမ်လပ် ဒေသတွင် နေထိုင်သူ Mr. Alam အမည်ရှိ အမျိုးသားတစ်ဦးကို တောအတွင်း၌ မြန်မာနိုင်ငံဘက်သို့ မှောင်ခိုကူးရန် ပြင်ဆင်နေသည့် မောင်းသူမဲ့လေယာဉ်ဒရုန်းတပ်ဆင်ရေးပစ္စည်းများအပြင် အခြားဆက်စပ်ပစ္စည်း အမြောက်အများ အတူတကွ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။သိမ်းဆည်းရမိသော ပစ္စည်းများတွင် ဒရုန်းအောက်ခံကိုယ်ထည် (bases) ၂၀ ခု၊ ဘက်ထရီ ၂၀ ဖာ၊ ဒရုန်းထိန်းချုပ်ရေးယူနစ် (control units) ၁၁ ခု၊ မော်နီတာ ၁၀ လုံး၊ ဒရုန်းဘက်ထရီ ၁၀ စုံ၊ အစိတ်အပိုင်းမျိုးစုံပါဝင်သော ဖာကြီး ၁ ဖာ၊ ဒရုန်းပန်ကာဒလက် ၁ ဖာ၊ ဘက်စုံသုံး တပ်ဆင်ရေးပြား (mounting plates) ၂ ဖာ၊ သတ္တုဖြတ်စက် ၁ လုံးနှင့် လှေငယ် ၁ စင်းတို့ ပါဝင်ကြောင်း သိရသည်။
ထိုင်း အရာရှိများက သံသယရှိသူများကို ထိန်းသိမ်းကာ ဖမ်းဆီးမှုမှတ်တမ်း ရေးသွင်းခဲ့ပြီး၊ ဥပဒေကြောင်းအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်နေကြောင်းသိရသည်။

မူရင်းသတင်း — NP News