NP News

Exchange Rate ကွာဟမှုကြောင့် တရားမဝင် ရော်ဘာတင်ပို့မှု ပိုများလာနိုင်ဟုဆို

ပုလဲ (NP News) - နိုဝင်ဘာလ ၁၂
Exchange Rate ကွာဟမှုကြောင့် တရားမဝင် ရော်ဘာတင်ပို့မှုပိုများလာနိုင်ကြောင်း ရော်ဘာလုပ်ငန်း ရှင်တစ်ဦးက NP News သို့ ပြောသည်။ လက်ရှိတွင် ထိုင်းနိုင်ငံသို့ ဘုရားသုံးဆူဘက်မှလည်း ကောင်း ၊ မြဝတီဘက်မှ လည်းကောင်း တရားမဝင် ရော်ဘာတင်ပို့မှုများရှိနေကြောင်း သိရ သည်။
“ဒီနှစ်လည်း တရားမဝင်ရော်ဘာကထွက်နေတယ်။ ဘယ်ကထွက်တာလဲဆိုတော့ သံဖြူဇရပ်ကနေ ပြီးတော့ ဘုရားသုံးဆူဘက်ကို လေးတန်ကားလေးတွေနဲ့ထွက်တယ်။ တော်တော်များများထွက်တယ်။ နောက်တစ်ခါ မြဝတီပေါ့နော်။ မြဝတီလမ်းကလည်း တရားမဝင်ထွက်တယ်” ဟုပြောသည်။
ထိုသို့ တရားမဝင်တင်ပို့သူများအနေဖြင့် လက်ရှိနိုင်ငံခြားငွေလဲနှုန်းပေါက်ဈေးများအတိုင်း ရရှိသည့်အ ပြင် နိုင်ငံတော်သို့ အခွန်အခများ မပေးရသည့်အတွက် တရားဝင်တင်ပို့သူများထက် အကျိုးအမြတ်ပိုများကြောင်း ၎င်းကပြောသည်။ “တရားဝင်သွားတဲ့သူတွေက (၁၅)၊ (၈၅) နဲ့လဲရမှာ။ ပြီးတော့ ဒေါ်လာဈေးကျတော့ လက်ရှိဒေါ်လာဈေးက (၄၅၀ဝ)အထက်မှာ ရှိတယ်။ တကယ်တမ်း ကိုယ်က တရားဝင်ပို့တဲ့အခါကျတော့ (၈၅) ရာခိုင်နှုန်းနဲ့ ဆိုလို့ရှိရင် နှစ်ခုပေါင်းရင်မှ (၄၀ဝဝ) ပတ်ချာလည်လောက်ရတာကိုး။ တစ်ဒေါ်လာကို ငါးရာ၊ ခြောက်ရာ လောက်ကွာနေတာကိုး။ သူတို့ကျတော့ အခွန်အခတွေမပေးရဘူး။ two percent တို့ဘာတို့ မပေးရဘူး။ သူတို့က ဟိုဘက်ရောက်သွားလို့ရှိရင် ထိုင်းဈေးက မြင့်တယ်လေ။ ထိုင်းဈေးကမြင့်တော့ သူတို့အတွက် အကျိုးအ မြတ်ကများတာပေါ့” ဟု ပြောသည်။
ထို့အတူ တရားဝင်တင်သို့သူနှင့် တရားမဝင် တင်ပို့သူများအကြား တစ်ဒေါ်လာလျှင် (၇၀ဝ) ခန့် ကွာဟကြောင်း၊ ထို့ကြောင့် တရားမဝင်တင်ပို့မှု ပိုများလာနိုင်ကြောင်း ၎င်းကသုံးသပ်ထားသည်။
“ အခု Exchange Rate ကြီး ကွာနေတဲ့ အချိန်ကျ တကယ်တမ်းပြောရင် တရားမဝင်တင်ပို့မှု က များလာမှာပဲ။ တရားဝင်ပို့တဲ့သူတွေက တစ်ပေါင်ကို (၄၀ဝဝ)၊ (၄၅၀ဝ)နဲ့ ဝယ်ပြီးတော့ ပို့တာ။ သူတို့ဝယ်ရင်လည်း (၄၅၀ဝ)ပဲ ဝယ်ရမှာ။ တရားဝင်ပို့တဲ့သူတွေကျတော့ အမြတ်အစွန်းက သိပ်မကျန်တော့ဘူး။ လက်ရှိတော့ (၁၅) ရာခိုင်နှုန်းကို (၂၁၀ဝ) ပေါ့။ (၈၅) ရာခိုင်နှုန်းကိုကျတော့ သူတို့က Bank ရဲ့ ဖြတ်ဈေးနဲ့ပဲ ကိုယ်က ရောင်းရတာကိုး” ဟုပြောသည်။ လာမည့် (၂၀၂၆ - ၂၀၂၇) ဘဏ္ဍာနှစ် တွင် ရော်ဘာတန်ချိန် (၃)သိန်းခွဲခန့် တင်ပို့ရန်လျာထားဆောင်ရွက်နေပြီး လုံခြုံရေးအခြေအနေ ကောင်းမွန်ပါက (၅) သိန်းခန့်တင်ပို့နိုင်မည်ဖြစ် ကြောင်း သိရသည်။

မူရင်းသတင်း — NP News