NP News

(၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ယှဉ်ပြိုင်ခဲ့သည့် အနုပညာနှင့် အားကစား ပြိုင်ပွဲများအတွက် ဆုများ ချီးမြှင့်ခဲ့

ထိုက်စံ(NP News)-နိုဝင်ဘာ ၁၂
(၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ယှဉ်ပြိုင်ခဲ့သည့် အနုပညာနှင့် အားကစား ပြိုင်ပွဲများအတွက် ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့တွင် (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ကို ပြီးခဲ့သည့် (နိုဝင်ဘာ ၅ ရက်) မှ (၁၁)ရက်နေ့အထိ ကျင်းပခဲ့ပြီး ပွဲတော်တွင် ကရင်ပြည်နယ် ဌာနဆိုင်ရာ ပြခန်းများ ၊MSME ပြခန်းများနှင့် ဈေးရောင်းပွဲတော်များပါဝင်ပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး လာရောက်လည်ပတ်သူများပြားသည့်အတွက် စတိတ်ရှိုးစင်ပါဝင်ကာ ပွဲတော်ရက်ကို (၁) ရက်ထပ်မံတိုးမြှင့်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ပွဲတော်တွင် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကရင်ရိုးရာဒုံးအကများ၊ လှေလှော်ပြိုင်ပွဲများနှင့် ရိုးရားလက်ဝှေ့ပြိုင်ပွဲများ ကျင်းပခဲ့ပြီး ကရင်ရိုးရာဒုံးအကတွင် လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာဒုံးအဖွဲ့ စံပြထူးချွန်ဆုရရှိခဲ့ပြီး၊ ဘက်စုံ အကဆုတွင် လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာ ဒုံးအဖွဲ့ ပထမ၊ ရွှေကုက္ကိုလ်ယဉ်ကျေးမှု ဒုံးအဖွဲ့ ဒုတိယ ၊ ဝတ်ကြီးတိုက်နယ်ကိုယ်စားပြု (BGF) မုက္ကဒိယဉ်ကျေးမှု စုပေါင်းဒုံးအဖွဲ့ တတိယ၊ ကရင်ယဉ်ကျေးမှု အနုပညာအစည်းအရုံး ဒုံးအဖွဲ့ စတုတ္ထ၊ ဒုံရင်းတိုက်နယ်ကိုယ်စားပြု လှိုင်ကမ္ဘာကျေးရွာဒုံးအဖွဲ့ ပဉ္စမနှင့် အထူးဆု(၅) ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရာဓနာ ဆုတောင်းတေးသီချင်းဆုရရှိမှုတွင် ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (KCO) ဒုံးအဖွဲ့ ပထမ၊ ဒုံရင်းတိုက်နယ်ကိုယ်စားပြု လှိုင်ကမ္ဘာကျေးရွာ ဒုံးအဖွဲ့ ဒုတိယ၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာ ဒုံးအဖွဲ့ တတိယ၊ ဌာနပေါင်းစုံ ဒုံးအဖွဲ့ စတုတ္ထ၊ ဘားအံတက္ကသိုလ် ငုရွှေဝါ ဒုံးအဖွဲ့ ပဉ္စမ ရှိရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဒုံးတေးသီချင်း ဆုရရှိမှုတွင် လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာ ဒုံးအဖွဲ့ ပထမ၊ ရွှေကုက္ကိုလ်ယဉ်ကျေးမှု ဒုံးအဖွဲ့ ဒုတိယ ၊ ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (KCO) ဒုံးအဖွဲ့ တတိယ၊ ဒုံရင်းတိုက်နယ်ကိုယ်စားပြု လှိုင်ကမ္ဘာကျေးရွာ ဒုံးအဖွဲ့ စတုတ္ထ၊ ပိုင်ကျုံတိုက်နယ်ကိုယ်စားပြု စုပေါင်းဒုံးအဖွဲ့ ပဉ္စမ စသည့် ဆုအသီးသီးရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ (၇)ရက်၌ ဘားအံမြို့ ကန်သာယာကန်တွင် လှေလှော်ပြိုင်ပွဲများ ကျင်းပခဲ့ရာ အမြင့်ဆုံး (၂၀)တက်လှော် အမျိုးသားပြိုင်ပွဲတွင် ပထမဆုအနေဖြင့် မိဇံတိုက်နယ်ကိုယ်စားပြုအဖွဲ့မှ ရရှိခဲ့ပြီး ဝတ်ကြီးကျေးရွာကိုယ်စားပြုအဖွဲ့မှ ဒုတိယ၊ လှိုင်းဘွဲ့မြို့ကိုယ်စားပြုအဖွဲ့မှတတိယဆုရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ (၂၀)တက်လှော် အမျိုးသမီးပြိုင်ပွဲတွင် မိဇံတိုက်နယ်ကိုယ်စားပြုအဖွဲ့မှ ပထမ၊ ဂျိုင်းတိုက်နယ်ကိုယ်စားပြုအဖွဲ့မှ ဒုတိယဆု၊ ထုံးအိုင်ကျေးရွာကိုယ်စားပြုအဖွဲ့မှ တတိယဆုရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့၌ပင် ဘားအံမြို့၊ ကလှာမြင်မိုးလုံလေလုံအားကစားခန်းမတွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် KSLA ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီး နိုဝင်ဘာ (၉) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ရာ KSLA ရွှေခါးပတ်ပြိုင်ပွဲ၏ ဝိတ်တန်းအလိုက် ချန်ပီယံများအဖြစ်(၇၁) ကီလို - ယှူးခလိန်းမင်း (စက်ရုံ)၊ (၆၇) ကီလို - စူပါရေချမ်း (စက်ရုံ)၊ (၆၃ ဒသမ ၅) ကီလို - အောင်နေထူး (တောင်ကလေး)၊ (၆၀) ကီလို - မဲ့လေး (ဇွဲကပင်မြေ) ၊ (၅၇) ကီလို - စောစိုးကြီး (ဓမ္မဟေဝန်)၊(၅၄) ကီလို - ကျော်ဖော့ (ခေးယုဝါး)၊ (၅၁) ကီလို - စည်သူဖြိုး (ဒို့ရိုးရာ)၊ (၄၈) ကီလို - စိန်သန်းဦး (ခေးယုဝါး)နှင့် အမျိုးသမီးပြိုင်ပွဲ(၅၁) ကီလို - ခတ္တာပန်း (ဒို့ရိုးရာ)မှ ဆုများရရှိခဲ့ကြောင်း သိရသည်။
ပွဲတော်နှင့်ပတ်သက်၍ NP News သတင်းဌာနအနေဖြင့် နိုဝင်ဘာလ (၆) ရက်တွင်ရောက်ရှိစဉ်က ပရိသတ်များပြားကြောင်း မြင်ရပြီး ပရိသတ်များက ဒုံးယိမ်းပြိုင်ပွဲများကိုလည်း အထူးစိတ်ဝင်စား အားပေးကြသည်ကို မြင်ရသည်။

မူရင်းသတင်း — NP News