
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၂
အနိမ့်ပျံပတ်လမ်း (Low Earth Orbit) တွင် ဂြိုဟ်တု (Satellite) တစ်ခု မကြာမီ လွှတ်တင်ရန် ရှိကြောင်း မြန်မာအာကာသအေဂျင်စီ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာမျိုးသန့်က ပြောကြားခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေ၌ ယနေ့ (နိုဝင်ဘာ ၁၂ရက်) တွင်ကျင်းပသည့် အာကာသပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ၎င်းက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနား၌ မကြာမီ အနိမ့်ပျံပတ်လမ်း Low Earth Orbit တွင် Satellite တစ်ခု လွှတ်တင်ရန်ရှိကြောင်း၊ အာကာသယာဉ်မှူးများကို ရွေးချယ်၍ နိုင်ငံတကာအာကာသစခန်း (International Space Station) သို့ စေလွှတ်နိုင်ရေးအတွက်လည်း ဆောင်ရွက်ထားကြောင်းလည်း ပြောကြားခဲ့သည်။
“မြန်မာအာကာသအေဂျင်စီရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံတကာ အာကာသအေဂျင်စီနဲ့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံရဲ့ အာကာသနည်းပညာကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ မကြာမီလည်း ကျွန်တော်တို့ အနိမ့်ပျံပတ်လမ်း Low Earth Orbit မှာ Satellite တစ်ခု လွှတ်တင်ဖို့ ရှိပါတယ်။ နောက်တစ်ခုကတော့ အာကာသယာဉ်မှူးတွေကို ရွေးချယ်ပြီးတော့ အာကာသစခန်း International Space Station ကို စေလွှတ်ဖို့လည်း ကျွန်တော်တို့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ရဲ့ မြန်မာအာကာသအေဂျင်စီက စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းဖြင့် လူငယ်တွေရဲ့ အနာဂတ် မျိုးဆက် အာကာသ သိပ္ပံနဲ့ နည်းပညာ တိုးတက်အောင် အစဉ်တစိုက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာအာကာသအေဂျင်စီအနေဖြင့် နိုင်ငံတကာအာကာသအေဂျင်စီများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ၏ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
Satellite လုပ်ငန်းများတွင် Chip မှအစ System အထိ လိုအပ်သည့် နည်းပညာများကို AI အသုံးပြုပြီး တိတိကျကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဂြိုဟ်တုလုပ်ငန်းများတွင် Chip၊ System၊ Interfacing၊ Programming နှင့် Hardware ဆိုင်ရာ နည်းပညာများကို AI အသုံးပြု၍ တိကျစွာ ဆောင်ရွက်နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။