Kanbawza Tai News

ထိုင်းမှာ မျောက်ကျောက် ရောဂါလက္ခဏာတွေ ပြောင်းလဲလာတာကြောင့် သတိထားစောင့်ကြည့်ဖို့ တိုက်တွန်း

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်

ထိုင်းနိုင်ငံမှာ မျောက်ကျောက် Mpox ရောဂါဖြစ်ပွားသူတွေဟာ ပုံမှန်တွေ့ရတဲ့ အရေပြားအဖု အပိန့်တွေအပြင် လက္ခဏာ ပုံစံမျိုးစုံနဲ့ ဖြစ်ပွားလာတာကြောင့် ဆရာဝန်တွေနဲ့ ပြည်သူတွေအနေနဲ့ သတိထားဖို့ ကျန်းမာရေး အာဏာပိုင် တွေက တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နိုင်ခြေကတော့ လက်ရှိမှာ နည်းပါး နေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအောက်က ရောဂါထိန်းချုပ်ရေးဦးစီးဌာန ( DDC) ရဲ့ လတ်တလော ဆေးဘက်ဆိုင်ရာလေ့လာ ချက်တွေအရ Mpox ဖြစ်သူတွေမှာ လက္ခဏာပုံစံတွေ ကွဲပြားလာ တာကြောင့် အစောပိုင်းမှာ ရောဂါရှာဖွေဖို့ ပိုခက် လာနိုင်တယ်လို့ သိရပါတယ်။

ပုံမှန်တွေ့ရတဲ့ အရေပြားအဖုအပိန့်တွေအပြင် တင်ပါးမှာပဲ အနာဖုထွက်တာ၊ ပါးစပ်နဲ့ အခြားအတွင်းပိုင်းအမြှေးပါးတွေ ရောင်ရမ်းတာ၊ လည်ချောင်းနာတာနဲ့ စအိုဝနား ပြင်းပြင်း ထန်ထန်နာကျင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာ တွေဟာ သာမန်အသက်ရှူလမ်းကြောင်း ရောဂါ ဒါမှမဟုတ် အာသီးရောင်ရောဂါနဲ့ မှားယွင်းနိုင်တယ်လို့ ဆိုပါတယ်။

DDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်တီယန် ကနာဆာဝပ်က ဒီလိုလက္ခဏာပုံစံတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO) ရဲ့ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေနဲ့ ကိုက်ညီတယ်လို့ ပြောပါတယ်။

အစပိုင်းမှာ အရေပြားအဖုအပိန့် အနည်းငယ်ပဲထွက်တာ ဒါမှမဟုတ် မသိသာတာတွေ ဖြစ်နိုင်တဲ့ အတွက် ဆေး ဝန်ထမ်းတွေအနေနဲ့ လူနာရဲ့ နောက်ခံအချက်အလက်တွေကို သေချာ မေးမြန်းပြီး Mpox ဖြစ်နိုင်ခြေကို ထည့်သွင်း စဉ်းစားဖို့ လိုတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ရောဂါစောင့်ကြည့်မှုနဲ့ ဓာတ်ခွဲခန်းစစ်ဆေးချက်တွေအရ ထိုင်းနိုင်ငံမှာ ပျံ့နှံ့နေတဲ့ Mpox ဗိုင်းရပ်စ် မျိုးကွဲ လည်း ပြောင်းလဲလာပါတယ်။ ၂၀၂၂ ခုနှစ်ကတည်းက ကမ္ဘာတစ်ဝန်း ဖြစ်ပွားခဲ့တဲ့ Mpox ကူးစက်မှုမှာ အဓိကဖြစ်ခဲ့တဲ့ Clade IIb က ထိုင်းမှာ အရင်က အများဆုံးဖြစ်ခဲ့ပေမယ့် ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းကစပြီး Clade Ib ကို တွေ့ရှိမှုတွေ သိသိ သာသာ မြင့်တက်လာပါတယ်။

လက်ရှိမှာတော့ Clade Ib ဟာ ထိုင်းတစ်နိုင်ငံလုံးမှာ အဓိကပျံ့နှံ့နေတဲ့ မျိုးကွဲဖြစ်လာပြီး သေဆုံးနှုန်းက ၀ ဒသမ ၅ ရာခိုင်နှုန်းအောက်မှာ ရှိတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမဲ့ ကိုယ်ခံအားနည်းသူတွေ၊ မကုသထားတဲ့ နောက်ခံရောဂါရှိသူတွေလို အန္တရာယ်ပိုများ တဲ့သူတွေမှာတော့ ပြင်းထန်တဲ့ရောဂါနဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

Clade Ib ကူးစက်မှုတွေကို မြို့ကြီးတွေ၊ ခရီးသွားတွေ အများအပြားလာရောက်တဲ့နေရာတွေနဲ့ လူဦးရေထူထပ်တဲ့ ဒေသတွေမှာ တွေ့ရှိရသလို အနီးဝန်းကျင်ပြည်နယ်တွေမှာလည်း တစ်ခါတစ်ရံ တွေ့ရှိရပါတယ်။

ဒါပေမဲ့ ရောဂါစောင့်ကြည့်မှုအရ လူထုတစ်ရပ်လုံးအတွင်း ရေရှည်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေတဲ့ အခြေအနေ တော့ မရှိသေးပါဘူး။ ကူးစက်ခံရသူအများစုက အသက် ၁၈ နှစ်ကနေ ၄၉ နှစ်အတွင်း အမျိုးသားတွေဖြစ်ပြီး အဓိက အန္တရာယ်အချက်တွေက ရောဂါရှိသူနဲ့ လိင်ပိုင်းဆိုင်ရာ ထိတွေ့မှု၊ ရောဂါရှိသူတွေနဲ့ လူမှုရေးအရ စုဝေးမှုတွေမှာ ထိတွေ့တာ ဒါမှမဟုတ် တစ်အိမ်တည်းမှာ အတူနေထိုင်တာတွေ ဖြစ်ပါတယ်။

DDC ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နီတီ ဟဲတနူရက်က Mpox ဟာ ပုံမှန်နေ့စဉ်လှုပ်ရှားမှု တွေကနေ အလွယ်တကူ ကူးစက်တာမဟုတ်ဘူးလို့ ရှင်းပြပါတယ်။ ကူးစက်ဖို့အတွက် ရောဂါရှိသူနဲ့ တိုက်ရိုက်နီးကပ်စွာ ကိုယ် ထိလက်ရောက် ထိတွေ့ရတာ အဓိကဖြစ်ပြီး အဖုအပိန့်၊ အရည်ပြည့်အဖု ဒါမှမဟုတ် အတွင်းပိုင်းအမြှေးပါးက အနာ တွေကို ထိတွေ့တာနဲ့ ရင်းနှီးတဲ့ လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေကနေ ကူးစက်နိုင်ပါတယ်။

ဒါ့အပြင် ရောဂါရှိသူ အသုံးပြုထားတဲ့ အိပ်ရာခင်း၊ တဘက်တွေလို ပစ္စည်းတွေကို ကိုင်တွယ်တာကနေ ဒုတိယအဆင့် ကူးစက်နိုင်သလို အချိန်ကြာကြာ မျက်နှာချင်းဆိုင် နီးကပ်နေတဲ့အခါ အသက်ရှူ လမ်းကြောင်းက ထွက်လာတဲ့ အမှုန် တွေကနေလည်း ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

DDC ကတော့ Mpox သံသယလူနာနဲ့ အတည်ပြုလူနာတွေအတွက် လိုက်နာရမယ့် လုပ်ထုံးလုပ်နည်း တွေကိုလည်း သတ်မှတ်ထားပါတယ်။

Ref – The Nation

မူရင်းသတင်း — Kanbawza Tai News