Myanmar Digital News

စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ၊ ဆီမီးပူဇော်ပွဲ၊ မီးပုံးပျံလွှတ်တင်ပွဲနှင့် (၅၂) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားများကို စစ်တွေမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

 

စစ်တွေ နိုဝင်ဘာ ၁၂

 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူးပြီး ၁၃၈၈ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့ စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား၊ ဆီမီး ပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားနှင့် (၅၂)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားများကို စစ်တွေမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦးက စစ်တွေမြို့ပေါ်ရှိ ဝါဆိုဘုန်းတော်ကြီးကျောင်း ၃၄၁ ကျောင်းရှိသည့်အနက် ကထိန်မရသေးသော ဘုန်းတော်ကြီး ကျောင်းများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများဖြင့် စုပေါင်းပြီး ကထိန် လျာသင်္ကန်းနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း၊ တန်ဆောင်မုန်းလပြည့်နေ့ ဆီမီး ပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် ဆောင်ရွက်နိုင် ရန်အတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်နေ့ အခမ်းအနား မကျင်းပမီ ကော်မတီအလိုက် အချိန်ယူ၍ ဆောင်ရွက်ရမည့် အားကစားပြိုင်ပွဲများ၊ စာစီစာကုံး ပြိုင်ပွဲ၊ လူငယ်စကားဝိုင်းဆွေးနွေး ပွဲနှင့် အခြားပြိုင်ပွဲများ၊ နယ်ပယ် အသီးသီးမှ သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်စွာ ဆောင်ရွက် ခဲ့သူများကို စီမံ၊ စီးပွား၊ လူမှု ထူးချွန်ဆုများ ချီးမြှင့်ပေးရန်ရှိကြောင်း ပြောကြားကာ လုပ်ငန်း ကော်မတီများ၏ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News