
Pika (NP News) - နိုဝင်ဘာ ၁၃
ဖူစတက်မြို့သည် မွတ်စလင်အုပ်ချုပ်မှုအောက်တွင်ရှိသော အီဂျစ်နိုင်ငံ၏ ပထမဆုံးမြို့တော် ဖြစ်ပြီး ခရူးဆိတ်စစ်သားများ၏သိမ်းပိုက်မှုကို မခံရစေရန်နှင့် စည်းစိမ်ဥစ္စာများကို ခရူးဆိတ်စစ်သားများ မပိုင်ဆိုင်စေရန်အတွက် ဝန်ချုပ်ကိုယ်တိုင်က တစ်မြို့လုံးကို မီးရှို့ပြာချပစ်ကာ ပျက်စီးအောင် လုပ် ဆောင်ခဲ့သည်။ အေဒီ(၆၄၁)ခုနှစ်တွင် မွတ်စလင်များက အီဂျစ်ကိုသိမ်းပိုက်လိုက်ပြီးနောက် Rashidun ပြည်ထောင်စု၏ မွတ်စလင်စစ်သူကြီး Amr ibn ul-Ās က ဖူစတက်မြို့ကို လက်ရှိအချိန်တွင် ကိုင်ရိုမြို့ ဟောင်းဟုခေါ်ဆိုကြသောမြို့၏ ဘေးချင်းကပ်လျက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဖူစတက် မြို့တွင် အီဂျစ်နိုင်ငံ၌ ပထမဆုံးတည်ဆောက်ခဲ့သောဗလီဖြစ်သည့် အမ်ရ်ဗလီလည်းပါဝင်ကြောင်း သိရသည်။
(၁၂)ရာစုတွင် ဖူစတက်မြို့သည် ဖွံ့ဖြိုးတိုး တက်မှုတွင် အထွတ်အထိပ်သို့ရောက်ရှိခဲ့ပြီး စုစု ပေါင်းနေထိုင်သူလူဦးရေမှာ(၂)သိန်းခန့်ရှိခဲ့သည်။ဖူစတက်မြို့သည် အီဂျစ်နိုင်ငံ၏ အုပ်ချုပ်ရေးဗဟိုချက် အဖြစ်တည်ရှိခဲ့သော်လည်း (၁၁၆၈)ခုနှစ်တွင် ဝန်ချုပ်ဖြစ်သူရှာဝါက မြို့တွင်းရှိချမ်းသာကြွယ်ဝမှုများကို ကျူးကျော်ဝင်ရောက်လာသော ခရူးဆိတ်စစ်သည်များ မပိုင်ဆိုင်စေရန်ရည်ရွယ်ကာ တစ်မြို့လုံးကို မီးရှို့ ဖျက်ဆီးရန်အမိန့်ပေးခဲ့သည်။ နောက်ပိုင်းတွင် ကျန်ရှိနေခဲ့သော ဖူစတက်မြို့၏ အစိတ်အပိုင်းများက အနီးအနားရှိကိုင်ရိုမြို့ထဲတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပေါင်းစည်းသွားခဲ့ခြင်းဖြစ်သည်။ ကိုင်ရို မြို့ကို ဖာတီမစ်မင်းဆက်က အဆိုပါဒေသကိုသိမ်းပိုက်ပြီးနောက် ၎င်းတို့၏ခေါင်းဆောင်အတွက် သီးသန့်နန်း မြို့တော်အဖြစ် (၉၆၉)ခုနှစ်တွင် ဖူစတက်မြို့၏ မြောက်ဘက်၌ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကိုင်ရိုမြို့ မတည်ဆောက်မီ အဆိုပါနေရာသည် ရာစုနှစ်ပေါင်းများစွာကြာအောင် ပျက်စီးယိုယွင်းနေခဲ့ပြီး အမှိုက်ပုံ အဖြစ်သာအသုံးပြုခံခဲ့ရသည်။ ယနေ့ခေတ်တွင် ဖူစတက်မြို့သည် ကိုင်ရိုမြို့ဟောင်းခရိုင်အတွင်းရှိ မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်လာခဲ့ပြီး ၎င်း မြို့တော်အဖြစ်တည်ရှိခဲ့စဉ်အချိန်က အဆောက်အအုံအနည်း ငယ်သာကျန်ရှိခဲ့တော့ကြောင်းသိရသည်။ နောက်ပိုင်းတွင် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုများ စွာလုပ်ဆောင်ခဲ့ရာတွင် မြေအောက်၌ မြှုပ်နှံကျန်ရစ်နေခဲ့သော အဖိုးတန်ပစ္စည်းများစွာရှိနေသည်ကိုရှာ ဖွေတွေ့ရှိခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါနေရာမှတူးဖော်ရရှိခဲ့သော ရှေးဟောင်းပစ္စည်းအများအပြား ကို ကိုင်ရိုမြို့ရှိ အစ္စလာမ္မစ်အနုပညာပြတိုက်တွင် ခင်းကျင်းပြသထားကြောင်း သိရသည်။
အစောပိုင်းကာလသမိုင်းကြောင်း
ထောင်နှင့်ချီသောနှစ်များတစ်လျှောက် အီဂျစ်နိုင်ငံ၏မြို့တော်သည် အုပ်စိုးသည့်မင်းဆက်များအ လိုက်ပြောင်းလဲခဲ့ပြီး နိုင်းမြစ်တစ်လျှောက်ရှိ သီးဘီးစ် နှင့်မန်းဖစ်ဖ်ကဲ့သို့သောနေရာအမျိုးမျိုးသို့ ရွှေ့ ပြောင်းခံခဲ့ရသည်။ ဘီစီ(၃၃၁)ခုနှစ်တွင် Alexander the Great က အီဂျစ်နိုင်ငံကိုသိမ်းပိုက်ခဲ့ပြီးနောက် မြေထဲပင်လယ်ကမ်းရိုးတန်းရှိ ၎င်း၏အမည်ကိုအစွဲပြု ကာခေါ်ဆိုသော Alexandria မြို့သည် မြို့တော် ဖြစ်လာခဲ့ကာ နှစ်ပေါင်း (၁၀ဝဝ)နီးပါးကြာအောင် တည်ရှိနေခဲ့သည်။ မိုဟာမက်ကွယ်လွန်ပြီးနောက် မကြာမီ (၇)ရာစုတွင် အာရပ်ခေါင်းဆောင်အူမာ၏တပ်ဖွဲ့များက အဆိုပါဒေသကို သိမ်းပိုက်လိုက်သည့် အချိန်တွင် မြို့တော်သစ်တစ်ခုတည်ထောင်ရန် ဆန္ဒရှိခြင်းကြောင့် (၆၄၁)ခုနှစ် စက်တင်ဘာလတွင် Alexandria မြို့ကျဆုံးသွားသောအခါ သိမ်းပိုက်သည့်တပ်ဖွဲ့၏တပ်မှူးဖြစ်သော Amr ibn al-As က နိုင်းမြစ် အရှေ့ဘက်ကမ်းတွင် မြို့တော်သစ်တစ်ခုဖြစ်သော ဖူစတက်မြို့ကို တည်ထောင်ခဲ့သည်။
Amr ibn al-As သည် ဖူစတက်မြို့ကို မြောက်အာဖရိကကိုသိမ်းပိုက်ရန်အတွက် အခြေစိုက်စခန်း တစ်ခုအဖြစ်သာမက ဘိုင်ဇန်တီယမ်အင်ပါယာကို ဆက်လက်တိုက်ခိုက်ရန်အတွက် စစ်ဆင်ရေးများ စတင်ရာနေရာအဖြစ်ပါ အသုံးပြုရန်ရည်ရွယ်ခဲ့သည်။(၆၇၀)ပြည့်နှစ်တွင် တူနီးရှားနိုင်ငံမှာ ကာရာဝမ် မြို့ ကို တည်ထောင်သည့်အချိန်အထိ ဖူစတက်မြို့သည် အာရပ်တို့၏ အာဖရိကတိုက်အတွင်း တိုးချဲ့ဝင် ရောက်မှုအတွက် အဓိကအခြေစိုက်စခန်းတစ်ခုအဖြစ်ဆက်လက်တည်ရှိနေခဲ့သည်။ ဖူစတက်မြို့သည် ဗဟို ဗလီကျောင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံများ ဝန်းကျင်တွင် လူမျိုးစု အလိုက်ခွဲခြား ထားသောနေရာများဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။ ဖူစတက်မြို့သို့ပြောင်းရွှေ့လာသူ အများစုမှာ ယီမင်နိုင်ငံမှဖြစ်ပြီး ဒုတိယအများဆုံးအုပ်စုမှာ အာရေဗျ ကျွန်းဆွယ်အနောက်ပိုင်းမှဖြစ်ကာ ဂျူးလူမျိုးအချို့ နှင့်ရောမလူမျိုး ကြေးစားစစ်သည်များလည်း ရောနှောနေထိုင်ခဲ့ကြသည်။ ဖူစတက် မြို့ သည် Umayyad မင်းဆက်လက်ထက်တွင် အီဂျစ်နိုင်ငံ၏ အာဏာဗဟိုချက်ဖြစ်လာခဲ့ပြီး (၉)ရာစုတွင် စုစုပေါင်းနေ ထိုင်သူလူဦးရေမှာ (၁၂၀ဝဝဝ)ခန့်ရှိခဲ့သည်။ သို့သော်လည်း တူနီးရှားနိုင်ငံအခြေစိုက် ဖာတီမစ်မင်းဆက်မှ ဗိုလ်ချုပ်ဂေါဟာက အဆိုပါဒေသကိုသိမ်းပိုက်လိုက်သည့်အချိန်တွင် ဖူစတက် မြို့ မြောက်ဘက်၌ မြို့သစ် တစ်ခုကိုတည်ထောင်ခဲ့ပြီး ကိုင်ရိုမြို့ဟုအမည်ပေးခဲ့ သည်။ ဖူစတက်မြို့သည် (၉၈၇) ခုနှစ်တွင် တိုးတက် စည်ကားခဲ့ပြီး ပထဝီဝင်ပညာရှင် အစ်ဘန်ဟော်ကယ် ၏မှတ်တမ်းများအရ ဖူစတက်မြို့သည် ဘဂ္ဂဒက်မြို့၏ သုံးပုံတစ်ပုံခန့်အရွယ်အစားရှိခဲ့ကြောင်းသိရသည်။ နောက်ပိုင်းတွင် ဖူစ တက်မြို့သည် အရိပ်ရလမ်းမများ၊ ဥယျာဉ်များနှင့်ဈေးများကြောင့် စည်ကားသာယာလှပသောမြို့ တစ် မြို့အဖြစ် နာမည်ကျော်ကြားခဲ့သည်။ ထို့ပြင် မြို့ထဲတွင် လူရာပေါင်းများစွာနေထိုင်နိုင်သည့် အထပ် မြင့်လူနေအဆောက်အအုံများလည်း တည်ရှိခဲ့ပြီး အချို့အဆောက်အအုံများမှာ (၁၄)ထပ်အထိ မြင့်မား ကာ အပေါ်ဆုံးထပ်တွင် ဥယျာဉ်များရှိပြီး ရေသွင်းစိုက်ပျိုးရန်အတွက် နွားများဖြင့်လည်ပတ်စေသည့် ရေတင်စက်များပင်တပ်ဆင်ထားကြောင်း ရေးသားဖော်ပြမှုများလည်းရှိခဲ့သည်။
ဖူစတက်မြို့ကျဆုံးခြင်း
(၁၂)ရာစုအလယ်ပိုင်းတွင် အီဂျစ်နိုင်ငံ၏အုပ်ချုပ်သူက အသက်အရွယ်ငယ်ရွယ်ခြင်းနှင့်အတူ ၎င်း ၏ရာထူးမှာ အမည်ခံမျှသာဖြစ်ပြီး အီဂျစ်တွင် အာဏာအရှိဆုံးပုဂ္ဂိုလ်မှာ ဝန်ချုပ်ရှာဝါဖြစ်သည်။ ရှာဝါ သည် နှစ်ပေါင်းများစွာကြာအောင် နိုင်ငံရေးလှည့်ကွက်များစွာကိုဖန်တီးခဲ့ပြီး ခရူးဆိတ်စစ်သည်များ၊ ဆီးရီးယားမှ Nur al-Din ၏တပ်ဖွဲ့များဝင်ရောက်လာမှုကိုတားဆီးရန်ကြိုးပမ်းခဲ့သည်။ ထို့ပြင် ရှာဝါ သည် ယင်းအင်အားစုနှစ်ခုကြားတွင် မဟာမိတ်ဆက်ဆံရေးကို အမြဲပြောင်းလဲခြင်း၊ ၎င်းတို့ကို တစ်ဖက် နှင့်တစ်ဖက်တိုက်ခိုက်စေရန် သွေးထိုးလှုံ့ဆော်စကားများ ပြောခြင်းတို့ကိုပြုလုပ်ခဲ့သည်။ ယင်းနည်း လမ်းများကြောင့် မည်သည့်အင်အားစုကမှ အီဂျစ်ကို အောင်မြင်စွာတိုက်ခိုက်နိုင်ခြင်းမျိုးမရှိဘဲ တစ် ဖက်ဖက်က တိုက်ခိုက်လာပါက အခြားတစ်ဖက်ကဟန့်တားထားနိုင်သည့်အခြေအနေမျိုးကို ရှာဝါက အောင်မြင်စွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
သို့သော်လည်း (၁၁၆၈)ခုနှစ်တွင် အီဂျစ်ကို တိုက်ခိုက်ကာ ခရူးဆိတ်နယ်မြေများကိုချဲ့ထွင်ရန် နှစ်ပေါင်းများစွာကြိုးစားနေခဲ့သည့် ဂျေရုဆလင်မြို့မှ ခရစ်ယာန်ဘုရင် Amalric I သည် နောက်ပိုင်းတွင် အောင်မြင်မှုအတိုင်းအတာတစ်ခုကို ရရှိလာခဲ့သည်။ ထို့နောက် Amalric I နှင့် ၎င်း၏တပ်ဖွဲ့များသည် အီဂျစ်သို့ဝင်ရောက်လာခဲ့ပြီး ဘီလ်ဘေးစ်မြို့ကို ဝင်ရောက်စီးနင်းကာ မြို့သူမြို့သားအများစုကို သတ် ဖြတ်ပစ်ခဲ့သည်။ ဘီလ်ဘေးစ်မြို့ကိုသိမ်းပိုက်ပြီးနောက် Amalric I နှင့်၎င်း၏တပ်ဖွဲ့များသည် ဖူစတက် မြို့သို့ ဆက်လက်ချီတက်လာခဲ့ပြီး မြို့တောင်ဘက်ခြမ်းတွင်စခန်းချကာ အသက်(၁၈)နှစ်သာ ရှိသေး သည့်အီဂျစ်ဘုရင်အသစ်ထံသို့ သတင်းစကားတစ်ခုကိုပေးပို့ခဲ့သည်။ ယင်းသတင်း စကားမှာ မြို့ကိုလက် နက်ချအညံ့ခံရန်နှင့် ယင်းကဲ့ သို့မလုပ်ပါက ဘီလ်ဘေးစ်မြို့ကဲ့သို့ကံကြမ္မာမျိုးကို ကြုံတွေ့ရလိမ့်မည်ဟု ခြိမ်းခြောက်ထားသည့် သတင်းစကားလည်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ Amalric I ၏ တိုက်ခိုက်မှုက မလွဲမသွေဖြစ်လာမည်ကိုသိလိုက်ရသည့် အချိန်တွင် ရှာဝါသည် ဖူစတက်မြို့ကို မီးရှို့ဖျက်ဆီးရန်အမိန့်ပေးခဲ့သည်။ ရှာဝါက မြို့သူမြို့သားများကို ပိုင်ဆိုင်မှုအားလုံးထားခဲ့ကာ အသက်လုထွက်ပြေးရန်အမိန့်ပေးခဲ့ခြင်းကြောင့် ထိတ်လန့် တုန်လှုပ်မှုများ ကြောင့်ထွက်ပြေးနေသည့်လူအုပ်ကြီးမှာ တစ္ဆေတပ်ဖွဲ့ကြီးတစ်ခုကဲ့သို့ပင်ဖြစ်နေခဲ့ကြောင်း သမိုင်း ကြောင်းများတွင် ရေးသားထားသည်။ ရှာဝါသည် ဖူစတက်မြို့ကိုမီးရှို့ဖျက်ဆီးရာတွင် ဆီထည့်ထား သောအိုးပေါင်း(၂၀ဝဝဝ)နှင့် မီးတောက်စေသည့်ဗုံး(၁၀ဝဝဝ)ကို မြို့အနှံ့ ဖြန့်ကြက်ချထားခဲ့ပြီး မီးလောင် ကျွမ်းမှုက အချိန်(၅၄)ရက်အထိကြာမြင့်ခဲ့ကာ မြို့တစ်မြို့လုံး မီးတောက်များ၊ မီးခိုးလုံးများ ဖြင့်ဖုံးလွှမ်း နေကာ ကောင်းကင်ယံတွင် မီးခိုးလုံးကြီးများ အလိပ်လိုက်ထွက်ပေါ်နေသည်မှာ ကြောက်စရာ မြင်ကွင်း တစ်ခုဖြစ်ခဲ့ကြောင်း ရေးသားဖော်ပြမှုများလည်းရှိခဲ့သည်။ ဖူစတက်မြို့ ပျက်စီးသွားပြီးနောက် ဆီးရီး ယားတပ်များရောက်ရှိလာခဲ့ကာ Amalric I ၏တပ်ဖွဲ့များကိုအောင်မြင်စွာ တိုက်ထုတ်ခဲ့ပြီး အီဂျစ်နိုင်ငံ ကို သိမ်းပိုက်ပစ်ခဲ့သည်။ နောက်ဆုံးတွင် ရှာဝါသည်လည်း ကွပ်မျက်ခံခဲ့ရပြီး ဖာတီမစ် မင်းဆက်၏ အုပ် ချုပ်မှုကလည်း အဆုံးသတ်သွားခဲ့သည်။ နောက်ဆုံးတွင် ဖူစတက် မြို့ကြီးမှာ ယခင်က စည်ကားတိုး တက် သာယာဝပြောခဲ့သည့်မြို့ကြီးဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် လူသူကင်းမဲ့သည့် နေရာပျက် ကြီးတစ်ခုအဖြစ်သာ ကျန်ရှိနေခဲ့တော့သည်။
