
တော်လှန်လူရွှင်တော်ကြီးတစ်ယောက် တော်လှန်ရေးအတွက် ခွန်အားတက်စရာ ဟာသပြက်လုံးတွေ ပြက်လို့ရမည့် 'တော်လှန်ဆင်နွှဲ လူရွှင်တော်ပြိုင်ပွဲ' ကျင်းပမည်ဟု ပြည်ပသတင်းဌာနတွေက တစ်ဆင့် ကြေညာမောင်းခတ်လိုက်လေသည်။ ဆြာထူးမြတ်တစ်ယောက် ထိုသတင်းကို ဖတ်ရင်း ခွိခနဲ တစ်ချက်ရယ်လိုက်မိသည်။ အောင်မာပြိုင်ပွဲတောင် မလုပ်ရသေးဘဲ သတင်းဖတ်ရုံဖြင့် ရယ်ရတာကြောင့် ဒီပြိုင်ပွဲကြီး ဝက်ဝက်ကွဲအောင်မြင် မှာသေချာသည်။ တော်လှန်ရေးကာလက ငါးနှစ်ကျော် လို့ ခြောက်နှစ် နီးပါးရောက်လာပြီဆိုတော့ တော်လှန်ရေး ဘက်တော်သားတွေ ပျင်းလာကြပြီ ဖြစ်သည်။ ဒီတော့ တော်လှန်ရေးကို ဟီးဟီးဟားဟားနဲ့ အသွင်ပြောင်းဖို့လို ပြီဖြစ်သည်။ ပြိုင်ပွဲစည်းကမ်းအရ တော်လှန်ရေး အတွက် ခွန်အားတက်စရာတွေကို ပြက်လုံးအဖြစ် ပြက်ရမှာဆိုတော့ ပညာသား ပါလာသည်။ ယခင်တုန်းက မြန်မာပြည်မှာ မျက်နှာသစ်လူရွှင်တော်တွေ မွေးထုတ်တဲ့ 'လူရွှင်တော်ဖလား' ပြိုင်ပွဲပုံစံမျိုးနဲ့တောင် ဆင်တူလှသည်။ လူစိတ်ဝင်စားအောင် 'တော်လှန်လူရွှင်တော်ဖလား'ဆိုပြီး နာမည်တောင် ပြောင်းသင့်သည်။ ဒါပေမဲ့လည်း တော်လှန်ရေး ခေါင်းဆောင်ကြီးတွေက မကြာခဏ အလှူခံနေတာဆိုတာ ဖလားက အားချင်မှအားမည်ဖြစ်သည်။ ဒါကြောင့် 'တော်လှန်ဆင်နွှဲ လူရွှင်တော်ပြိုင်ပွဲ'ဆိုတာက ပိုကောင်းပါသည်။
ပြက်လုံးပြက်တယ်ဆိုတာက လေသန္ဓေမှန်ဖို့ လိုသည်။ လူရွှင်တော်ပညာက နှယ်နှယ်ရရ မဟုတ်ချေ။ ဟာသဉာဏ် ဆိုတာကလည်း လူတိုင်းမပါတာကြောင့် လူရွှင်တော်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ချေ။ ဒီတော့ တော်လှန်လူရွှင်တော်ပြိုင်ပွဲဝင်ကြမည့် တက်သစ်စ တော်လှန်လူရွှင်တော်လေးတွေ ပြက်လုံးစဉ်း စားလို့ရအောင် ဆြာထူးမြတ်က အခမဲ့ ပို့ချသွားမှာ ဖြစ်သည်။ တော်လှန်ရေးကြီးကို အား တက်စရာပြက်လုံးတွေ ဆိုတော့လည်း ပရိသတ်က ပြက်လုံးတစ်လုံး ပြက်လိုက်တိုင်း တဝါးဝါး တဟား ဟားရယ်ရမှ ဆုရမှာဖြစ်သည်။ လူရွှင်တော်တက်သစ်စလေးတွေဆိုတော့ တချို့ကရှေး ဟောင်းပြက်လုံးကြီးတွေ ရယ်ရမလားဆိုပြီး ပြက်တတ် ကြသည်။ ဥပမာ 'ခေါင်းပေါင်းစကြီးကို ညာချရတာလား၊ ဘယ်ချရတာလား'လို့ တစ်ယောက်ကမေးပြီး တစ်ယောက်က ' NUG က လူကြီးတွေဆိုရင် ညာချကြတယ်'လို့ ပြက်ရင် ပြက်လုံးဟောင်းကြီးဆိုပြီး လူတွေရယ်ကြမှာ မဟုတ်ပေ။ နောက်ပြီး "ဒီလောက် ရှုံးနေတာ တောင် လေသံကမလျှော့ဘူး"ဟု တစ်ယောက်က အစပျိုးရင် တစ်ယောက်က "မန်ယူအသင်းလား"ဟု မေးရင် မဟုတ်ဘူး NUG လို့ပြက်ရင်လည်း ရယ်စရာမဟုတ်သလို တော်လှန်ရေးကြီး အားတက်စရာ ပြက်လုံးဖြစ်မည် မဟုတ်ပေ။ ဒါကြောင့် ခေတ်နှင့်လျော်ညီသော ပြက်လုံးများ ဖြစ်ရန်လို သည်။
ဒီတော့ လူရွှင်တော်ပြိုင်ပွဲဝင်မည့်သူများ တော်လှန်ရေး ခွန်အားတက်စေဖို့ ပြက်လုံးများကို ဂရုတစိုက် ရှာဖွေကြဖို့လိုသည်။ ဆြာထူးက တော်လှန် လူရွှင်တော်လေးတွေအတွက် အခမဲ့ပညာဒါန ပို့ချလိုက်ရပါသည်။
လူရွှင်တော် (၁) "တော်လှန်ရေး အားတက်စရာဆိုလို့ ဂျာမန်သံအမတ်ကြီးက ခြင်းခတ်ဖော် မရှိလို့ တာမွေသွားတယ် ဆိုလားဗျ"
လူရွှင်တော် (၂) "ဟုတ်ပဗျာ။ ဟိုကအိမ် ပြောင်းသွားလို့ဆိုပြီး ကွန်မန့်တွေမှာ ဟိုမြို့ကို လိုက်သွားဆိုပြီး လမ်းညွှန်ကြတာ ဝက်ဝက်ကို ကွဲဗျို့"
လူရွှင်တော် (၁) "ကျုပ်တို့ တော်လှန်ရေး အဆိုးရကြီးကလည်း ဆိုင်းသာ မကောင်းတာ နှဲက နှစ်လက်ဗျို့"
လူရွှင်တော် (၂) "ဟုတ်ပါဗျာ။ သန်းမကြီးနှစ် ယောက်ပိုင်ထားတာကိုးဗျ။ အတည်သန်းမကြီးနဲ့ ယာယီသန်းမကြီးဆိုပြီး နှစ်ယောက်ရှိသဗျ။ နိုင်ငံတကာကလည်း ဘယ်သန်းမကြီးနဲ့ ဆက်ဆံရမှန်း မသိတော့ ဘယ်နိုင်ငံကမှ အဖက်မလုပ်ကြတော့ပေါ့ဗျ။"
လူရွှင်တော် (၁) "သြော်...ဒါနဲ့နေပါဦး။ကျုပ်တို့ရဲ့ သံအမတ်ကြီး ကုလသမဂ္ဂမှာ သွားငိုတာ ကြောင့် တော်လှန်ထုတ်ကုန် ပဝါလေးတွေ ရောင်းအား ကောင်းသွားတယ် ကြားတယ်ဗျ။"
လူရွှင်တော် (၂) "အားရစရာပဲဗျို့။ နောက်ဆိုရင် အစည်းအဝေးခန်းထဲကို ယူသွားဖို့ ခြုံစောင် ကြီးတွေ ထုတ်ဖို့ စီစဉ်ထားတယ်လို့ကြားရပါတယ်ဗျ။ ပဝါဆိုတော့ အလျားအနံသေးတော့ နာမည်တွေ ကျန်ခဲ့ရင် အားနာစရာကြီးဗျ။ ခြုံစောင်ကကြီးတော့ နာမည်များများထည့် ရေးလို့ရတာပေါ့ဗျာ။ နောက်အစည်းအဝေးတွေကြရင် အသုဘဖိတ်စာ စောင်ကြီးနဲ့ သွားငိုတော့ စတိုင်ကြတာပေါ့ဗျာ။"
လူရွှင်တော် (၁) "တချို့ကလည်း တော်လှန်ရေးကြီးက ကြာလိုက်တာ၊ ကြာလိုက်တာဆိုပြီး ညည်းကြ သဗျ။ ဒီလိုဆိုတော့ သွေးများ အေးကုန်ကြပြီလားလို့ စိတ်ပူနေကြတာကိုတော့ ကြားမိပါရဲ့ဗျာ"
လူရွှင်တော် (၂) "ကျွန်တော်တို့တော်လှန်ရေး ကြီးက နောက်လေး၊ ငါး၊ ခြောက်လဆို ပြီးပြီ။ အား လုံးပျော်ရွှင်ရမယ်လို့ ပြောပြီး ကမ္ဘာကျော်ဘောလုံးသမား မက်ဆီနဲ့ ရော်နယ်ဒိုတောင် အနားယူသွားတဲ့အထိ တော်လှန်ရေးက ကြာနေတော့လည်း ပြောချင်စရာပေါ့ ဗျာ"။
လူရွှင်တော် (၁) "တော်လှန်ရေးခွန်အားရဖို့ဆိုတာက ကျုပ်တို့၊ ခင်ဗျားတို့လို ဟိုမရောက်ဒီ မရောက် မဲဆောက်ကနေ ပြောနေတာထက်။ အမေရိကားလောက်ကပြောမှ လူရာဝင်တာဗျ။"
လူရွှင်တော် (၂) "ဒါကြောင့်လည်း တိုးတိုးတိတ်တိတ်နဲ့ လစ်ကုန်ကြတာပေါ့ဗျာ။ ဟို ဦးလေးသက် ဆိုတဲ့ လူလည်း မိသားစုလိုက် လစ်သွားပြီ။ ဒါကြောင့် နောက် ၁၀ နှစ်စာလောက် ဖေ့စ်ဘုတ်ပေါ်မှာ တင်လို့ရမယ့် တောထဲက ဓာတ်ပုံတွေတော့ လိုရမယ်ရ ရိုက်ထား ဗျို့။ ဗေဒင်ဆရာက တတိယနိုင်ငံ သွားရကိန်း ရှိတယ်လို့ ဟောထားတယ်။"
လူရွှင်တော် (၁) "ကဲ ၁၅ မိနစ်တာ အချိန်ရတာကြောင့် အပြောတွေလျှော့ပြီး အလုပ်ကလေးနဲ့ သက်သေပြဖို့ မင်းသမီး ခေါ်ရအောင်လားဗျာ။"
လူရွှင်တော် (၂) "တော်လှန်ရေးအတွက် ပေးဆပ်တဲ့ ဖြူစင်သူ၊ ဒေါ်လာငွေ သူမခိုးပါဘု အိုဗျ.... ရွှေရတနာ လိုင်းပေါ်မှာ ရောင်းပါတဲ့ ဧရာဌာနီက ရိုးသားသူလေးဟု အခေါ်ထုတ်လေရာ တော်လှန်မင်း သမီး ပြာကလက်စိန် ထွက်လာပြီး နိုင်ငံကျော် ဆရာခြိမ့်၏ ဇာတ်သီချင်းကို ပုံစံတူခိုးချကာ ]]ရိုးရိုးသား ခိုးခိုးစား အမေရိကန်မှာ ငြိမ့်" (ပန် ပန် ပန်)
"ယဉ်ကျေးတဲ့ လူမျိုးလေးမို့ ဆဲပြမယ် ဆိုပြ မယ်ကွယ်" (ဆယ် ဆယ် ဆယ်)
"ဗမာ ငပိန်းလေးတွေကို ခိုးသောလက်နဲ့ကြို" (လို လို လို) ကကြိုးကကွက်ဖော်လေရာ လူရွှင်တော်တို့က "ခိုးစားလှချည်လား မင်းသမီးရဲ့ ..." အားပေးကာ တော်လှန်အငြိမ့် ကားလိပ် ချလေတော့သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )