Myanmar Digital News

သီတဂူစက္ခုဒါနဆေးရုံ၌ မျက်စိလူနာများအား အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေး

 

ရန်ကုန် နိုဝင်ဘာ ၁၃

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၃၃) ရပ်ကွက်ရှိ သီတဂူစက္ခုဒါနဆေးရုံ၌ မျက်စိရောဂါဝေဒနာ ခံစားနေရသူများအား စက္ခုဒါနအဖြစ် အခမဲ့ မျက်စိစမ်းသပ် ခွဲစိတ်ကုသပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်‌ပေးလျက်ရှိသည်။

 

ဦးစွာ သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ‌ဆေးရုံတော်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် အရှင်ဉာဏိသာရထံသို့ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ‌ ဒေါ်ယဥ်မင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ဝတ္ထုငွေနှင့် အလှူပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

ထို့နောက် မျက်စိစမ်းသပ်ကုသရန် လာရောက်ကြသူများအား စာရင်းသွင်းလက်ခံခြင်း၊ စမ်းသပ် ပေးခြင်းနှင့် ခွဲစိတ်ကုသပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ခွဲစိတ်ကုသမှုခံယူကြသော လူနာများအား ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ‌ ဒေါ်ယဉ်မင်းသူနှင့် အဖွဲ့ဝင် များ၊ မြို့နယ်မိခင်နှင့် စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ကြကာ ရေသန့်ဘူးနှင့် အားဖြည့်အချိုရည်များကို လှူဒါန်း‌ခဲ့ကြသည်။

 

စက္ခုဒါနအဖြစ် အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ (၁၉) ကြိမ်ထိ လူနာပေါင်း (၂၃၇၈၃) ဦး၊ ခွဲစိတ်လူနာစုစုပေါင်း (၇၄၈၉) ဦးတို့အား ကုသပေးနိုင်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အေးမဉ္ဇူ

မူရင်းသတင်း — Myanmar Digital News