
#World_Health
Published 13 November 2026
■ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါတွေ ဖြစ်လာရတဲ့အကြောင်းရင်းက တစ်ခုတည်းမဟုတ်ပါဘူး။ မျိုးရိုးဗီဇဆိုင်ရာ ကွဲပြားမှုတွေကလည်း ဒီရောဂါတွေဖြစ်ပွားလာဖို့ ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို ဒေါက်တာ Clint Miller က လေ့လာသုတေသနပြုနေပါတယ်။
■ သူဟာ Genome Sciences ဘာသာရပ်ရဲ့ ပါမောက္ခတစ်ဦးဖြစ်သလို နှလုံးနဲ့ သွေးကြောဆိုင်ရာ သုတေသနတွေကိုလည်း လုပ်ဆောင်နေသူ ဖြစ်ပါတယ်။
■ အခုအချိန်အထိ ပြုလုပ်ခဲ့တဲ့ မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှုတွေကနေ နှလုံးရောဂါနဲ့ ဆက်စပ်နေတဲ့ မျိုးရိုးဗီဇနေရာ (genetic loci) ရာပေါင်းများစွာကို ရှာဖွေတွေ့ရှိထားပါတယ်။
■ ဒါပေမဲ့ အဲဒီအထဲက အများစုဟာ ပရိုတင်းထုတ်လုပ်မှုကို တိုက်ရိုက်မထိန်းချုပ်တဲ့ DNA အပိုင်းတွေမှာ ရှိနေကြတာပါ။ အဲဒီနေရာတွေက ဘယ်မျိုးဗီဇတွေကို သက်ရောက်စေသလဲ၊ ဘယ်ဆဲလ်အမျိုးအစားတွေမှာ အကျိုးသက်ရောက်မှုရှိသလဲဆိုတာကိုတော့ အခုထိ အပြည့်အဝ မသိရှိရသေးပါဘူး။
■ Miller Lab မှာ ဒေါက်တာ Miller နဲ့ သူ့အဖွဲ့ဟာ မျိုးဗီဇတွေ ဘယ်လိုအလုပ်လုပ်သလဲ၊ ဘယ်အချိန်မှာ အလုပ်လုပ်သလဲဆိုတာကို ခန့်မှန်းလေ့လာနေကြပါတယ်။ မျိုးဗီဇတွေကို ထိန်းချုပ်ပေးတဲ့ ကွန်ရက်တွေကိုလည်း ပုံဖော်လေ့လာကြပါတယ်။
■ ဒါ့အပြင် အရေးကြီးတဲ့ မျိုးဗီဇတချို့ရဲ့ လုပ်ဆောင်မှု ပြောင်းလဲသွားတဲ့အခါ ဆဲလ်တစ်ခုဟာ ကျန်းမာတဲ့အခြေအနေကနေ ရောဂါဖြစ်နေတဲ့အခြေအနေကို ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကိုလည်း လေ့လာကြပါတယ်။
■ ဒီလိုခန့်မှန်းထားတဲ့ ရလဒ်တွေ မှန်ကန်မှုရှိမရှိကို လူ့သွေးကြောဆဲလ်တွေ အသုံးပြုပြီး ဓာတ်ခွဲခန်းမှာ ပြန်လည်စမ်းသပ်အတည်ပြုကြပါတယ်။
■ သူတို့ရဲ့ အဓိကရည်မှန်းချက်တွေကတော့ -
ဘယ်သူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများသလဲဆိုတာကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်ဖို့။
ရောဂါကို တကယ်ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ရှာဖွေဖော်ထုတ်ဖို့။
■ သွေးကြောအတွင်း အဆီနဲ့ အညစ်အကြေးတွေ စုပုံလာတဲ့ Atherosclerosis ရောဂါအတွက် ကုသမှုနည်းလမ်းအသစ်တွေ ရှာဖွေဖို့ ဖြစ်ပါတယ်။
■ နှလုံးရောဂါရဲ့ မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်းတွေကို ဖော်ထုတ်ခြင်း လက်ရှိမှာ ဘယ်လိုသုတေသနတွေ လုပ်ဆောင်နေပါသလဲ။
■ ကျွန်တော်တို့အဖွဲ့ဟာ နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease) နဲ့ နှလုံးကြွက်သားဆိုင်ရာရောဂါတွေ (Cardiomyopathies) အပါအဝင် နှလုံးသွေးကြောရောဂါတွေရဲ့ ဖြစ်ပွားပုံအကြောင်းရင်းတွေကို နားလည်နိုင်ဖို့ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်တွေကို နည်းလမ်းမျိုးစုံနဲ့ စုဆောင်းလေ့လာနေပါတယ်။
■ မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှုတွေကနေ နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ ဆက်စပ်တဲ့ DNA နေရာပေါင်းများစွာကို ရှာဖွေတွေ့ရှိထားပေမဲ့ အဲဒီနေရာတွေက ဘယ်မျိုးဗီဇတွေ၊ ဘယ်ဆဲလ်အမျိုးအစားတွေကို သက်ရောက်စေသလဲဆိုတာ အများစုကို မသိသေးပါဘူး။
■ အဲဒါကို ပိုမိုနားလည်နိုင်ဖို့ လူ့နှလုံးသွေးကြောတွေနဲ့ နှလုံးတစ်ရှူးတွေကို ဆဲလ်တစ်ခုချင်းစီအဆင့်အထိ လေ့လာပြီး အသေးစိတ်မြေပုံတွေ ဖန်တီးနေပါတယ်။ ဆဲလ်တစ်ခုချင်းစီဟာ တစ်ရှူးထဲမှာ ဘယ်နေရာမှာရှိနေသလဲဆိုတာကိုပါ ထည့်သွင်းလေ့လာပါတယ်။
■ အထူးသဖြင့် Chromatin Accessibility လို့ခေါ်တဲ့ DNA ရဲ့ ထိန်းညှိမှုဆိုင်ရာ အပိုင်းတွေ ဘယ်နေရာမှာ ဖွင့်လှစ်အလုပ်လုပ်နေသလဲဆိုတာကို လေ့လာပါတယ်။ ဒီအပိုင်းတွေကို Enhancers လို့ခေါ်ပြီး မျိုးဗီဇတွေ ဘယ်အချိန်မှာ အလုပ်လုပ်မလဲ၊ ဘယ်လောက်အထိ အလုပ်လုပ်မလဲဆိုတာကို ထိန်းချုပ်ပေးတဲ့ ခလုတ်တွေလို သဘောထားနိုင်ပါတယ်။
■ ဒီလိုလေ့လာမှုတွေကြောင့် သွေးကြောနံရံထဲမှာရှိတဲ့ Smooth Muscle Cells၊ Endothelial Cells၊ Fibroblasts နဲ့ Macrophages စတဲ့ ဆဲလ်အမျိုးအစားတွေမှာ နှလုံးရောဂါနဲ့ ဆက်စပ်တဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေက ဘယ်မျိုးဗီဇတွေကို သက်ရောက်စေသလဲဆိုတာကို ပိုမိုတိကျစွာ ချိတ်ဆက်ဖော်ထုတ်နိုင်လာပါတယ်။
■ ဒါ့အပြင် ဒီအချက်အလက်တွေကို အသုံးပြုပြီး AI နဲ့ Machine Learning နည်းပညာတွေကိုလည်း အသုံးချနေပါတယ်။
■ ဒီနည်းပညာတွေက မျိုးရိုးဗီဇတစ်ခုချင်းစီရဲ့ ပြောင်းလဲမှုတွေကြောင့် မျိုးဗီဇထိန်းချုပ်မှု ဘယ်လိုပြောင်းလဲသွားမလဲ၊ အရေးကြီးတဲ့ မျိုးဗီဇတွေ ပြောင်းလဲသွားတဲ့အခါ ဆဲလ်တွေရဲ့ အခြေအနေက ကျန်းမာတဲ့အဆင့်ကနေ ရောဂါပြင်းထန်တဲ့အဆင့်အထိ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ခန့်မှန်းပေးနိုင်ပါတယ်။
■ ဒီသုတေသနကနေ လူနာတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရလာနိုင်ပါသလဲ။
Atherosclerosis လို့ခေါ်တဲ့ သွေးကြောနံရံအတွင်း အဆီနဲ့ အညစ်အကြေးတွေ စုပုံလာတဲ့ရောဂါဟာ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ရဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
■ သွေးထဲမှာရှိတဲ့ ကိုလက်စထရောပမာဏကို လျှော့ချနိုင်တဲ့ ကုသမှုတွေ တိုးတက်လာပေမဲ့ လူနာတချို့မှာတော့ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ခြေက ဆက်လက်ရှိနေဆဲပါပဲ။
ဒါကြောင့် ကျွန်တော်တို့ဟာ သွေးကြောအတွင်းပိုင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကို အဓိကထား လေ့လာနေပါတယ်။
■ အထူးသဖြင့် ရောဂါအစောပိုင်းအဆင့်မှာ သွေးကြောနံရံထဲက ဆဲလ်တွေနဲ့ ပရိုတင်းတွေ ဘယ်လိုပြောင်းလဲလာသလဲ၊ သွေးကြောထဲမှာ ကယ်လ်စီယမ်ဓာတ် စုပုံလာတဲ့ Vascular Calcification လို ပြောင်းလဲမှုတွေက နောက်ပိုင်းမှာပြင်းထန်တဲ့ရောဂါအခြေအနေတွေ ဖြစ်လာနိုင်ခြေကို ဘယ်လိုညွှန်ပြသလဲဆိုတာကို ရှာဖွေနေပါတယ်။
■ ကျွန်တော်တို့ရဲ့ Enhancer မြေပုံတွေကနေ ကုသမှုနည်းလမ်းအသစ်တွေလည်း တွေ့ရှိလာနိုင်ပါတယ်။
■ ဘာကြောင့်လဲဆိုတော့ ရောဂါနဲ့ဆက်စပ်နေတဲ့ မျိုးဗီဇတချို့ဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေတာကြောင့် အဲဒီမျိုးဗီဇတွေကို တစ်ကိုယ်လုံးမှာ လျှော့ချတာ၊ တိုးမြှင့်တာမျိုးလုပ်မယ်ဆိုရင်ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
■ ဒါပေမဲ့ Enhancers တွေကတော့ ဆဲလ်အမျိုးအစားတချို့မှာပဲဖြစ်စေ၊ ရောဂါအခြေအနေတချို့မှာပဲဖြစ်စေ အလုပ်လုပ်တတ်ကြပါတယ်။
■ ဒါကြောင့် ရောဂါဖြစ်စေတဲ့ မျိုးဗီဇတစ်ခုကို ခန္ဓာကိုယ်တစ်ခုလုံးမှာ မထိခိုက်စေဘဲ ရောဂါဖြစ်စေတဲ့ ဆဲလ်အမျိုးအစားနဲ့ အခြေအနေမှာသာ ရွေးချယ်ထိန်းချုပ်နိုင်ဖို့ အလားအလာရှိလာပါတယ်။
■ Machine Learning နည်းပညာကို အသုံးပြုပြီး ဒီလိုပြောင်းလဲမှုတွေ လုပ်ဆောင်လိုက်ရင် ဘာတွေဖြစ်လာမလဲဆိုတာကို ကွန်ပျူတာပေါ်မှာ ကြိုတင်စမ်းသပ်ခန့်မှန်းနိုင်နေပါပြီ။
■ အဲဒီနောက် ရောဂါဖြစ်စေတဲ့ ဆဲလ်တွေရဲ့ အခြေအနေကို ပိုမိုကျန်းမာတဲ့ အခြေအနေဘက် ပြန်လည်ပြောင်းလဲစေနိုင်မလားဆိုတာကို လူ့သွေးကြောဆဲလ်တွေ အသုံးပြုပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ်သွားမှာ ဖြစ်ပါတယ်။
■ နောက်ဆုံးမှာတော့ ဒီသုတေသနတွေက Atherosclerosis ရောဂါရှိတဲ့ လူနာတွေကို ကုသရာမှာ ရောဂါဖြစ်စေတဲ့ အရင်းခံအကြောင်းရင်းတွေကို တိုက်ရိုက်ပစ်မှတ်ထား ကုသနိုင်တဲ့ နည်းလမ်းအသစ်တွေ ဖြစ်လာစေနိုင်ပါတယ်။
■ ဒီသုတေသနနယ်ပယ်နဲ့ပတ်သက်ပြီး လူတွေ ပိုသိစေချင်တဲ့အချက်က ဘာလဲ။
■ လူတွေ ပိုသိစေချင်တာတစ်ခုက နှလုံးရောဂါနဲ့ ဆက်စပ်နေတဲ့ မျိုးရိုးဗီဇပြောင်းလဲမှုအများစုဟာ ပရိုတင်းထုတ်လုပ်ပေးတဲ့ မျိုးဗီဇအပိုင်းတွေမှာဖြစ်ပွားတာမဟုတ်ပါဘူး။
■ အဲဒီအစား မျိုးဗီဇတစ်ခုကို ဘယ်အချိန်မှာ အလုပ်လုပ်စေမလဲ၊ ဘယ်နေရာမှာ အလုပ်လုပ်စေမလဲ၊ ဘယ်လောက်အထိ အလုပ်လုပ်စေမလဲဆိုတာကို ထိန်းချုပ်ပေးတဲ့ DNA အပိုင်းတွေမှာ ဖြစ်ပွားတာပါ။
■ တချို့မျိုးရိုးဗီဇပြောင်းလဲမှုတွေက ဆဲလ်အမျိုးအစားတစ်ခုတည်းမှာပဲ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ တချို့ကတော့ ရောင်ရမ်းခြင်း ဒါမှမဟုတ် ကိုလက်စထရောများခြင်းလို ရောဂါဖြစ်စေနိုင်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့အခါမှသာ အကျိုးသက်ရောက်မှု ပေါ်လာတတ်ပါတယ်။
■ ဒါကြောင့် ကျွန်တော်တို့ဟာ လူ့ခန္ဓာကိုယ်က တစ်ရှူးတွေကို ဆဲလ်တစ်ခုချင်းစီအဆင့်အထိ အသေးစိတ်လေ့လာပြီး ရောဂါအဆင့်အမျိုးမျိုးမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာသလဲဆိုတာကို ရှာဖွေနေတာ ဖြစ်ပါတယ်။
■ နောက်ထပ် အရေးကြီးတဲ့အချက်တစ်ခုက နှလုံးရောဂါဆိုတာ ကိုလက်စထရောများတာတစ်ခုတည်းကြောင့်ဖြစ်တာမဟုတ်ပါဘူး။
■ သွေးကြောနံရံထဲက ဆဲလ်တွေဟာ ထိခိုက်ဒဏ်ရာရမှုနဲ့ ဖိစီးမှုတွေကို တုံ့ပြန်တဲ့ ကိုယ်ပိုင်လုပ်ဆောင်မှုတွေ ရှိပါတယ်။ အဲဒီတုံ့ပြန်မှုတွေက သွေးကြောထဲမှာ ဖြစ်ပေါ်နေတဲ့ အဆီဖတ်လွှာ (Plaque) ကို တည်ငြိမ်နေစေမလား၊ ဒါမှမဟုတ် နှလုံးဖောက်နိုင်တဲ့အထိ အန္တရာယ်ရှိလာစေမလားဆိုတာကို သက်ရောက်မှုရှိပါတယ်။
■ ဒီဖြစ်စဉ်တွေကို နားလည်လာနိုင်ရင် လက်ရှိအသုံးပြုနေတဲ့ ကုသမှုတွေအပြင် ထပ်မံအသုံးချနိုင်မယ့် ကုသမှုနည်းလမ်းသစ်တွေကိုလည်း ရှာဖွေတွေ့ရှိလာနိုင်ပါတယ်။
■ ဒီသုတေသနလုပ်ငန်းတွေ အများကြီး အောင်မြင်လာနိုင်တာဟာ သုတေသနအတွက် ခန္ဓာကိုယ်တစ်ရှူးတွေကို လှူဒါန်းပေးခဲ့ကြတဲ့ လူနာတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေရဲ့ စေတနာကြောင့်လည်း ဖြစ်ပါတယ်။
Source-UVA Health