
#World_Health
Published 13 November 2026
■ လေ့ကျင့်ခန်းနားလိုက်ရင် ကြွက်သားတွေ လျော့နည်းပြီး အဆီတွေ တက်လာနိုင်ပါတယ်။ ဒါပေမဲ့ ကြွက်သားကနေ အဆီအဖြစ် တိုက်ရိုက်ပြောင်းသွားတာတော့ မဟုတ်ပါဘူး။
■ ဒီစကားက မမှန်ပါဘူးလို့ အင်္ဂလန်နိုင်ငံ Leicester တက္ကသိုလ်က ကြွက်သားဇီဝကမ္မဗေဒ အထူးပြုပါမောက္ခ Leigh Breen က ပြောပါတယ်။
■ တကယ်တော့ ဒီအယူအဆကို သူ မကြာခဏ ကြားနေရပါတယ်။ အထူးသဖြင့် (Gym) ကို အချိန်အတော်ကြာ မသွားဖြစ်တော့တဲ့သူတွေက ဒီလိုပြောလေ့ရှိကြပါတယ်။
■ သူတို့ပြောလေ့ရှိတာက ကြွက်သားတွေ အရင်လို မတင်းရင်းတော့ဘဲ ပျော့လာသလို ခံစားရတယ်၊ ခန္ဓာကိုယ်ကလည်း အရင်လို ကြွက်သားကျစ်လျစ်မှု မရှိတော့ဘူးဆိုတာမျိုးပါ။
ဒါပေမဲ့ တကယ့်အခြေအနေက အဲဒီလို မဟုတ်ပါဘူး။
■ ကြွက်သား (Muscle) နဲ့ အဆီ (Fat) ဆိုတာ သီးခြားဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်တစ်ရှူး နှစ်မျိုးဖြစ်ပါတယ်။ ဒီနှစ်မျိုးကြားမှာ တစ်ခုကနေ နောက်တစ်ခုအဖြစ် တိုက်ရိုက်ပြောင်းလဲသွားစေတဲ့ ဇီဝဓာတုဖြစ်စဉ်လည်း မရှိပါဘူး။
■ ပါမောက္ခ Breen ကလည်း လူ့ခန္ဓာကိုယ်ထဲမှာ ကြွက်သားကနေ အဆီဖြစ်သွားတာ၊ ဒါမှမဟုတ် အဆီကနေ ကြွက်သားဖြစ်သွားတာမျိုးကို ဖြစ်စေတဲ့ သက်သေပြထားတဲ့ လုပ်ငန်းစဉ် မရှိဘူးလို့ ရှင်းပြပါတယ်။
■ ဒါဆို Gym မသွားတော့ရင် ဘာကြောင့် ခန္ဓာကိုယ်က ပြောင်းလဲသွားတာလဲ။
■ ဒီလိုအထင်မှားရတဲ့ အကြောင်းရင်းက လေ့ကျင့်ခန်းလုပ်တာကို ရပ်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကြောင့်လို့ သူက ယူဆပါတယ်။
■ အထူးသဖြင့် အလေးမခြင်းလို Resistance Training လေ့ကျင့်ခန်းတွေ လုပ်နေရာကနေ ရပ်လိုက်တဲ့အခါ လေ့ကျင့်မှုကြောင့် တည်ဆောက်ထားတဲ့ ကြွက်သားထုထည်တချို့ကို တဖြည်းဖြည်း ဆုံးရှုံးလာနိုင်ပါတယ်။
■ တစ်ဖက်မှာလည်း အရင်ကလိုပဲ အစားအသောက်ကို ဆက်စားနေပြီး လေ့ကျင့်ခန်းလုပ်တာ လျော့နည်းသွားမယ်ဆိုရင် ခန္ဓာကိုယ်က သုံးစွဲတဲ့ စွမ်းအင်ထက် စားသုံးတဲ့ စွမ်းအင်က ပိုများလာနိုင်ပါတယ်။
■ အဲဒီလို စွမ်းအင်ပိုလျှံလာတဲ့အခါ ခန္ဓာကိုယ်မှာ အဆီတွေ စုပုံလာနိုင်ပါတယ်။
ပါမောက္ခ Breen က ဒီအခြေအနေကို အခုလို ရှင်းပြပါတယ်။
■ “ကြွက်သားထုထည် လျော့နည်းသွားတာနဲ့ အဆီထုထည် တိုးလာနိုင်တာ ဒီနှစ်ခု တစ်ပြိုင်နက်ဖြစ်လာတဲ့အခါ ကြွက်သားတွေက အဆီအဖြစ် ပြောင်းသွားသလို ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ အဲဒီလို မဟုတ်ပါဘူး။”
■ လေ့ကျင့်ခန်းကို ခဏနားလိုက်ရင် ဘယ်လောက်အထိ သက်ရောက်မှုရှိနိုင်သလဲ။
■ ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းကို နှစ်ပတ်လောက် နားလိုက်ပေမဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပုံမှန်ဆက်လုပ်နေမယ်ဆိုရင် ခန္ဓာကိုယ်ပြောင်းလဲမှုက သိပ်သိသာမှာ မဟုတ်ပါဘူး။
■ ဒါပေမဲ့ ဒဏ်ရာတစ်ခုခုကြောင့် အချိန်အကြာကြီး လုံးဝမလှုပ်မရှားနေရတဲ့သူတွေမှာတော့ ကြွက်သားထုထည်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပြောင်းလဲမှုတွေပိုသိသာလာနိုင်ပါတယ်။
■ ဒါကြောင့် Gym ခဏနားတာနဲ့ လှုပ်ရှားမှုအားလုံး ရပ်တန့်လိုက်တာဟာ မတူညီပါဘူး။
■ လေ့ကျင့်ခန်းနားထားချိန်မှာ ဘာတွေစားသင့်သလဲ။
■ လေ့ကျင့်ခန်းနားထားတဲ့ကာလအတွင်း ကိုယ်စားသောက်တဲ့ အစားအသောက်တွေကလည်း ကြွက်သားနဲ့ အဆီထုထည် ဘယ်လောက်တိုးလာမလဲ၊ လျော့နည်းသွားမလဲဆိုတာကို သက်ရောက်မှုရှိပါတယ်။
■ ပါမောက္ခ Breen ကတော့ ဒီလိုကာလမှာ -
ပရိုတင်းဓာတ် (Protein) ကို လုံလောက်စွာ စားသုံးဖို့ အကြံပြုထားပါတယ်။ ကြွက်သားထုထည်ကို ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေပါတယ်။
■ ကယ်လိုရီစားသုံးမှုကို အနည်းငယ်လျှော့ချဖို့ အကြံပြုထားပါတယ်။ လေ့ကျင့်ခန်းလုပ်တာ လျော့နည်းသွားတဲ့အတွက် ခန္ဓာကိုယ်လိုအပ်တဲ့ စွမ်းအင်ပမာဏလည်း လျော့နည်းလာနိုင်လို့ပါ။
■ တကယ်တော့ လူ့ခန္ဓာကိုယ်ဟာ အချိန်နဲ့အမျှ အမြဲပြောင်းလဲနေပါတယ်။
■ လေ့ကျင့်ခန်းလုပ်တာကို ခဏနားလိုက်တဲ့အခါ ကြွက်သားနဲ့ အဆီထုထည် အနည်းငယ်ပြောင်းလဲသွားတာဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။
■ ပါမောက္ခ Breen ကလည်း “ကြွက်သားနဲ့ အဆီထုထည် အနည်းငယ် အတက်အကျဖြစ်တာကို အရမ်းစိုးရိမ်နေစရာ မလိုပါဘူး။ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာတဲ့အထိ လေ့ကျင့်ခန်းလုပ်တဲ့အလေ့အကျင့်နဲ့ အစားအသောက်ထိန်းသိမ်းမှုကို ပုံမှန်ဆက်လုပ်နေဖို့က ပိုအရေးကြီးပါတယ်” လို့ ပြောပါတယ်။
Source-The Guardian