၁၃.၁၁.၂၀၂၆
Written by NYL
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂ဝ၂၆) ဒုတိယနေ့ကို နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီက စတင်ကျင်းပခဲ့ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အစားထိုးခန့်အပ်မှု ကတိသစ္စာပြုခြင်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာကော်မတီဖွဲ့စည်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မခွဲ (ခ)၊ (င)၊ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မခွဲ (ခ)၊ (စ)၊ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) တို့အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်အစား ဗိုလ်မှူးကြီး ကျော်ကျော်ဦး အစားထိုးခန့်အပ်တာဝန်ပေးကြောင်းကို နိုင်ငံတော်သမ္မတက နိုဝင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဗိုလ်မှူးကြီး ကျော်ကျော်ဦးကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း လွှတ်တော်သို့တင်ပြခြင်း၊ ကတိသစ္စာပြုခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်ဖွဲ့စည်းခဲ့သည့် ကော်မတီများအမည်ပြင်ဆင်ခြင်းကို လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာကော်မတီအသစ်ဖွဲ့စည်းခြင်းနှင့် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေနှင့် အမည်စာရင်း၊ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအမည်စာရင်းတို့ကို လွှတ်တော်သို့ တင်ပြခြင်းတို့ ဆောင်ရွက်ကြသည်။
အထက်ပါကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းသတ်မှတ်ချက်ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီးနောက် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုခဲ့သည်။



အဆိုပါ ကော်မတီသည် တိုင်းဒေသကြီးအဆင့်ဖြစ်ကာ အဖွဲ့ဝင် ၁၁ ဦးပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်ပြည့်ဖြိုးကို လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးမင်းသိန်းထွန်းတို့ကို တာဝန်ပေးအပ်ကြောင်း သိရသည်။
ဆက်လက်၍ ၂ဝ၁၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဆားနှင့်ဆားထွက်ပစ္စည်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာစိစစ်တွေ့ရှိချက်နှင့် ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာစိစစ်တွေ့ရှိချက် သဘောထားမှတ်ချက်အစီရင်ခံစာများအား လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။
အဆိုပါ ဥပဒေကြမ်း နှစ်ခုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ပြောကြားပြီးနောက် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ဒုတိယနေ့ ရပ်နားခဲ့ကြောင်း သိရသည်။


