Eleven Media Group

ယစ်မျိုးခွန်ကောက်ခံရာတွင် ရန်ကုန်တိုင်းသည် တတိယအဆင့်သာရှိကြောင်းနှင့် လက်ရှိကောက်ခံနေသည့် နှုန်းထားများအပေါ်  ဖြစ်သင့်သည့်နှုန်းထားများကို လွှတ်တော်သို့တင်ပြရခြင်းဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီပြောကြား

ယစ်မျိုးခွန်ကောက်ခံရာတွင် ရန်ကုန်တိုင်းသည် တတိယအဆင့်သာရှိကြောင်းနှင့် လက်ရှိကောက်ခံနေသည့် နှုန်းထားများအပေါ် ဖြစ်သင့်သည့်နှုန်းထားများကို လွှတ်တော်သို့တင်ပြရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေကြမ်းကော်မတီကပြောကြားသည်။

နိုဝင်ဘာ ၁၃ ရက်ကပြုလုပ်သော တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊အရေးပေါ်အစည်းအဝေး(၁/၂ဝ၂၆) ဒုတိယနေ့အစီအစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာစိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့တင်ပြခဲ့ခြင်းဖြစ်သည်။

ယစ်မျိုးလိုင်စင် စုစုပေါင်း ၃၂ ခုရှိသည့်အနက် လေလံချထားသည့် လိုင်စင်အမျိုးအစား ၇ ခုရှိပြီးယင်းလိုင်စင်များမှာ ထန်းရည်နှင့် အရက်ဖြူများဖြစ်ကြောင်းကိုလည်း လေ့လာတွေ့ရှိရကြောင်းနှင့်ကျန်လိုင်စင် အမျိုးအစားများနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၄(က)အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များက ဇယား ၅ ပါ အခွန်အခများကို ဥပဒေနှင့်အညီကောက်ခံ၍ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဘဏ္ဍာရန်ပုံငွေစာရင်းသို့ ပေးသွင်းရကြောင်း စိစစ်တွေ့ရှိရသည်ဟု ဥပဒေကြမ်းကော်မတီက ပြောကြားထားသည်။

တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုနှင့် နေပြည်တော်အပါအဝင် ၁၅ ခုသည် ဥပဒေများ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းများပြုလုပ်ပြီး ဥပဒေနှင့်အညီ ယစ်မျိုးခွန်များကို ကောက်ခံလျက်ရှိကြောင်၊ ထိုသို့ကောက်ခံရာတွင် ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ၊ နေပြည်တော်နယ်မြေများကသာ ကျန်ရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်များထက် ယစ်မျိုးလိုင်စင်ကောက်ခံသည့် နှုန်းထားအများဆုံး ဖြစ်ကြောင်းနှင့် ယင်းနယ်မြေ(၅)ခုအနက် မန္တလေးတိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး နေပြည်တော်က ဒုတိယဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးက တတိယအဆင့်သာ ရှိနေကြောင်း ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်တွင် ပါရှိသည်။

ထို့ကြောင့် ယစ်မျိုးလိုင်စင် ၃၂ မျိုးသည် ရန်ကုန်တိုင်းဒေသကြီး၏ လက်ရှိကောက်ခံနေသည့် နှုန်းထားများအပေါ် ဖြစ်သင့်သည့်နှုန်းထားများကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြင်ဆင်သည့်ဥပဒေကြမ်းရေးဆွဲပြီး လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီက ပြောကြားထားသည်။

အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင်စင်အတွက် ၇၅ သိန်းမှ သိန်း ၂၅၀ အထိ အခွန်ဆောင်ရမည့်အချက်ပါဝင်သော ရန်ကုန်တိုင်းဒေသကြီး၊ ယစ်မျိုးခွန်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းကို နိုဝင်ဘာ ၆ ရက်က ပြုလုပ်သော တတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ပထမနေ့အစီအစဉ်တွင် ဥပဒေကြမ်းကော်မတီက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group