၁၃.၁၁.၂၀၂၆
Written by NYL
မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်/ဖြည့်စွက်သင့်သည့်အချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁) (၂) (၃) ပါ အချက်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီကို လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၉၀ ဦးဖြင့် နိုဝင်ဘာ ၁၂ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေးပူးပေါင်းကော်မတီတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃၈ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး စုစုပေါင်း ၉၀ ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်၏ သဘောထားရယူရာ ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာခဲ့သည်။
ထိုပူးပေါင်းကော်မတီတွင် ပူးပေါင်းကော်မတီ၏ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၀) ဦးလှသိန်းကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၂) ဒေါ်နွယ်နွယ်ဦးကိုလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၇) ဦးဇင်မင်းထက်ကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးကိုလည်းကောင်း တာဝန်ပေးအပ်ခဲ့ပြီး ကျန်ကော်မတီဝင် ၈၆ ဦး၏ အမည်စာရင်းကို လွှတ်တော်ကိုယ်စားလှယ်များအားလုံးထံ ဖြန့်ဝေထားသည့် ဖွဲ့စည်းမိန့်မူကြမ်းတွင် ဖော်ပြထားကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းကော်မတီ၏ ဦးတည်ချက် ၃ ရပ်မှာ (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နှင့်လျော်ညီစွာ ပိုမိုတည်ဆောက်နိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာစေရေး၊ (ခ) တိုင်းရင်းသားမျိုးနွယ်စုများအကြား ယုံကြည်မှုခိုင်မာသော အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကိုဖော်ဆောင်ရေး၊ (ဂ) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးတို့ ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၅ ရက်ကကျင်းပခဲ့သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့တွင် ပဲခူးတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၇) ဦးဇင်မင်းထက်တင်သွင်းခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၁၊ ၂၊ ၃ ပါအချက်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရေးအဆိုကို ယင်းနေ့တွင်ပင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်ကြောင်းသိရသည်။