Eleven Media Group

သရုပ်ဆောင် ထူးခန့်ကျော်၊ လိုင်စင်မရှိဘဲ ဆေးကုသနေသဖြင့် တရားစွဲခံထားရသည့် ရွှေလက်ဒေါ်ခင်စန်းရီအပါအဝင် လူအချို့ကို Dayspring International University ဆိုသည့် အဖွဲ့က ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်မှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုများရှိ

ဓာတ်ပုံ- Dayspring International University ၏ ဝက်ဘ်ဆိုက်စာမျက်နှာ၊ Htoo Khant Kyaw Facebook၊ ဒေါ်ခင်စန်းရီ Facebook

သရုပ်ဆောင် ထူးခန့်ကျော်၊ လိုင်စင်မရှိဘဲ ဆေးကုသဖြင့် တရားစွဲခံထားရသည့် ရွှေလက်ဒေါ်ခင်စန်းရီ အပါအဝင် လူအချို့ကို Dayspring International University ဆိုသည့် အဖွဲ့ကဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်မှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုများရှိနေကြောင်းသိရသည်။

Dayspring International University ဟုဆိုသည့် အဖွဲ့က နိုဝင်ဘာ ၆ ရက်က နိုဗိုတယ်ဟိုတယ်တွင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့အပ်နှင်းခြင်းအခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့ပြီး သရုပ်ဆောင်ထူးခန့်ကျော်၊ လိုင်စင်မရှိဘဲ ဆေးကုသနေသဖြင့် တရားစွဲခံထားရသည့် ရွှေလက်ဒေါ်ခင်စန်းရီအပါအဝင် လူအချို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခဲ့ပြီး ပြည်တွင်းမီဒီယာအချို့တွင်လည်း ဖော်ပြခဲ့သည်။

ယင်းသို့ ပေးအပ်ခြင်းအပေါ် လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

" Ph.D. မပြောနဲ့ ဂုဏ်ထူးတန်းဘွဲ့တွေ၊ မဟာဘွဲ့တွေတောင် ရူးနေအောင် ကြိုးစားရယူကြရတာပါ။ပါရဂူဘွဲ့ Ph.D ဘွဲ့အတွက်က များစွာကြိုးစားရယူကြရတာပါ" ဟုလူမှုကွန်ရက် သုံးစွဲသူတစ်ဦးက ရေးသားထားသည်။

ထို့ပြင် ဘွဲ့ပေးခဲ့သည့် အဖွဲ့တွင်လည်း University ဟု အသုံးပြုထားခြင်းကြောင့် ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း စုံစမ်းစစ်ဆေးသင့်သည်ဆိုသည့် မှတ်ချက်ပြုမှုများလည်း ရှိနေသည်။

" Dayspring International University ဆိုပြီး "တက္ကသိုလ်" ဆိုတဲ့ နာမည်ကို သုံးထားတာကိုက မြန်မာနိုင်ငံပညာရေးဆိုင်ရာ ဥပဒေတွေ၊ နည်းဥပဒေတွေအရ တရားမဝင်ပါဘူး။ ပညာရေးဝန်ကြီးဌာနက ဒါကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ" ဟု ပညာရေးကျွမ်းကျင်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယင်းသို့ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် Dayspring International University က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အစိုးရ အသိအမှတ်ပြု ပညာရေးဆိုင်ရာဘွဲ့များနှင့်မတူညီကြောင်း၊ ၎င်းတို့ပေးအပ်သည့် ဘွဲ့များကို အလုပ်အကိုင်၊ ဗီဇာ၊ လိုင်စင်၊ ပညာရေး အရည်အချင်း သို့မဟုတ် အစိုးရအသိအမှတ်ပြု ပညာရေး အဆင့်အတန်းအဖြစ် အသုံးပြုနိုင်သည်ဟု အာမခံခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

DIU အနေဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များကို အစိုးရအသိအမှတ်ပြု ပညာရေးဆိုင်ရာ ပါရဂူဘွဲ့များအဖြစ် မှားယွင်းနားလည်စေရန် ရည်ရွယ်ထားခြင်း မရှိကြောင်း၊သို့သော် နိုင်ငံတကာ သာသနာရေး၊ ပုဂ္ဂလိကနှင့် အသိုင်းအဝိုင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် တရားဝင် ချိတ်ဆက် ပူးပေါင်းထားပြီး လူမှုအသိုင်းအဝိုင်းအတွင်း ထူးချွန် စွမ်းဆောင်မှုများကို သီးခြား လွတ်လပ်စွာအသိအမှတ်ပြုသော “လူမှုအသိုင်းအဝိုင်းဆိုင်ရာ ဂုဏ်ပြုဆု ” သီးသန့်အဖြစ် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခံရသူများအနက် ဒေါ်ခင်စန်းရီဆိုသူမှာ လိုင်စင်မရှိဘဲ ဆေးကုသဖြင့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တရားရုံးတွင် လက်ရှိအချိန်အထိအမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် သြဂုတ်လကုန်ပိုင်းကလည်း ရောဂါများပျောက်ကင်းအောင် ကုသနိုင်သည်ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဆေးကုသပေးနေသည့် ဒေါ်ခင်စန်းရီ၏ ဆေးမေတ္တာအမှတ်တံဆိပ် ဆေးဝါးများမှာ မှတ်ပုံတင်ထားခြင်းမရှိသဖြင့် မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့လိပ်စာဖြင့် ထုတ်လုပ်ထားသည့် ဒေါ်ခင်စန်းရီ၏ တိုင်းရင်းဆေးဝါး ၂၆ မျိုးမှာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများဖြစ်ပြီး ယင်းဆေးဝါးများမှာ အစာအိမ်ရောဂါပျောက်ဆေး၊ လိပ်ခေါင်းပျောက်ဆေး၊ လေဆေး၊ နှလုံးအားတိုးဆေး၊ အပူငြိမ်းဆေး၊ သဘာဝအားတိုးဆေး အစရှိသည့် ဆေးဝါးများဖြစ်ကာ ဆေးမေတ္တာ အမှတ်တံဆိပ်ဖြင့်

ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ကျန်းမရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- Dayspring International University ၏ ဝက်ဘ်ဆိုက်စာမျက်နှာ၊ Htoo Khant Kyaw Facebook၊ ဒေါ်ခင်စန်းရီ Facebook

မူရင်းသတင်း — Eleven Media Group