Myanmar National Post

ပခုက္ကူမြို့၌ မျက်စိဝေဒနာရှင်ပြည်သူများအား အခမဲ့စမ်းသပ် စစ်ဆေးခွဲစိတ်ကုသပေးမည်





ပခုက္ကူ  နိုဝင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ သီတဂူစက္ခုဒါနတံတားဦးဆေးရုံတော်၌ မျက်စိအထူးကုဆရာ ဝန်ကြီးများ၏ ဦးဆောင်မှုဖြင့် မျက်စိဝေဒနာရှင်ပြည်သူများအား စမ်းသပ်စစ်ဆေးပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ၂၆ရက်နေ့မှစတင်ပြီး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နိပေါနိုင်ငံမှမျက်စိအထူးကုပါရဂူဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံမှမျက်စိအထူးကုပါရဂူဆရာ ဝန်ကြီးများဦးဆောင်သော သီတဂူစက္ခုဒါနမျက်စိအထူးကုအဖွဲ့က ပခုက္ကူမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား တစ်ရက် လျှင် စမ်းသပ်စစ်ဆေးလူနာ(၄၀၀)ဦးနှုန်းနှင့် ခွဲစိတ်ကုသလူနာ(၁၅၀)ဦးနှုန်းတို့ဖြင့်  ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက်မှဒီဇင်ဘာလ ၄ရက်အထိ (၉)ရက်ကြာအခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မျက်စိ အထူးကုဆရာဝန်ကြီးများ၊ ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများက ဝိုင်းဝန်း ကူညီအားဖြည့်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင်များ စိတ်အေးချမ်းသာစွာဆေးကုသမှုခံယူနိုင်ရေးနှင့်လုပ်ငန်း များ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးတို့အတွက်  သီတဂူစက္ခုဒါနတံတားဦးဆေးရုံတော်အတွင်း/အပြင်နေရာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရောဂါပိုးဖွားအန္တရာယ်ကင်းစင်ရေး၊ အထူးကုဆရာဝန်ကြီးများ၊ လူနာများနှင့်လူနာစောင့်ပြည်သူများ အပန်းဖြေအနားယူနိုင်မည့်နေရာများ စနစ်တကျကြိုတင်ပြင်ဆင်ထားရှိရေးလုပ်ငန်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်ဝန်ထမ်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။  

အဆိုပါမျက်စိစမ်းသပ်စစ်ဆေးခွဲစိတ်ကုသပေးမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အချိန်မီစာရင်းပေးသွင်း၍ ဆေးကုသမှုခံယူနိုင်ရေးအတွက်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊  ကြက်ခြေနီအသင်းဝင်များပူးပေါင်း၍ နိုဝင်ဘာလ ၁၂ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာနေရာ များဖြစ်သော ဈေးများ၊လမ်းမကြီးများနှင့် လမ်းဆုံလမ်းခွများတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခြင်း၊ စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့် ဝေခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

မူရင်းသတင်း — Myanmar National Post