Eleven Media Group

ဂျပန်တွင် ယခုရာသီ၏ ပထမဆုံး ကြက်ငှက်တုပ်ကွေး ဖြစ်ပွားလာပြီး ကြက်ကောင်ရေ နှစ်သိန်းခန့် သုတ်သင်ခံရမည်

ဂျပန်နိုင်ငံ ၊ ကျိုတိုခရိုင်ရှိ ကြက်မွေးမြူရေးခြံတစ်ခြံတွင် ယခုရာသီ၏ ပထမဆုံး ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို အတည်ပြုလိုက်ပြီးနောက် ကြက်ကောင်ရေနှစ်သိန်းခန့်ကို သုတ်သင်ရှင်းလင်းရန် စတင်လုပ်ဆောင်နေကြောင်း ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၁၂ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါကြက်မွေးမြူရေးခြံတွင် နိုဝင်ဘာ ၁၁ ရက်က ကြက် ၁၄ ကောင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး စစ်ဆေးချက်များအရ ကူးစက်ပြန့်ပွားနိုင်စွမ်း မြင့်မားသည့် H5 အမျိုးအစား ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ဖြစ်နေကြောင်း ကျိုတိုခရိုင်အစိုးရက အတည်ပြုခဲ့သည်။ ထို့နောက် ခြံတွင်မွေးမြူထားသည့် ကြက်ကောင်ရေ ၂၀၀,၀၀၀ ခန့်ကို သုတ်သင်ရှင်းလင်းရန် ဒေသအာဏာပိုင်များက စတင်ဆောင်ရွက်ခဲ့သည်။

အခြေအနေကို တုံ့ပြန်ဆောင်ရွက်ရေးအတွက် ဂျပန်အစိုးရက နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တိုကျိုမြို့ရှိ ဝန်ကြီးချုပ်ရုံး၌ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံများကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်သူများထံ မှန်ကန်တိကျသည့် သတင်းအချက်အလက်များကို အချိန်မဆိုင်းဘဲ ထုတ်ပြန်ပေးရေး အပါအဝင် ညွှန်ကြားချက်လေးချက် ထုတ်ပြန်ခဲ့သည်။

ဂျပန်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဆက်လက်ပြန့်ပွားလာပါက ကြက်ဥဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

Ref: NHK

မူရင်းသတင်း — Eleven Media Group