ရောင်နီ (NP News) - နိုဝင်ဘာ ၁၃
သီရိလင်္ကာနိုင်ငံဟာ တရုတ်နိုင်ငံထုတ် မောင်းသူမဲ့လေကြောင်းတက္ကစီ (Flying Taxi) ကို စမ်းသပ်ပျံသန်း ခွင့်ပြုခဲ့ပြီး ခရီးသည်တင် ဒရုန်းဝန်ဆောင်မှုတွေ စတင်နိုင်ရေးအတွက် ရှေ့ပြေးစီမံကိန်းကို နိုဝင်ဘာ (၁၁) ရက်က မြို့တော် ကိုလံဘိုမှာ စတင်ခဲ့တယ်လို့ သိရပါတယ်။
သီရိလင်္ကာမြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က တရုတ်ကုမ္ပဏီ EHang ကို လူနှစ်ဦး စီးနင်းနိုင်ပြီး လေယာဉ်မှူးမပါဘဲ အလိုအလျောက်ပျံသန်းနိုင်တဲ့ လျှပ်စစ်စွမ်းအင်သုံးလေယာဉ်ငယ်ကို စမ်းသပ်ဖို့ လိုင်စင်ခွင့်ပြု ခဲ့ပါတယ်။ အဆိုပါလေယာဉ်ဟာ ရဟတ်ယာဉ်လို ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်တဲ့ အမျိုးအစားဖြစ်ပါ တယ်။
စမ်းသပ်ပျံသန်းမှုအတွင်း EHang ကုမ္ပဏီရဲ့ EH216-S လေယာဉ်ငယ်မှာ သီရိလင်္ကာဆိပ်ကမ်းလေကြောင်း ပို့ဆောင်ရေးဝန်ကြီး အနူရာကာရူနာသီလကာနဲ့ ဒုတိယဝန်ကြီး ဂျနီသာ ရူဝမ် ကိုဒီသုဝါကူ ကို ပထမဆုံးခရီးသည် တွေအဖြစ် တင်ဆောင်ပျံသန်းပြသခဲ့ပါတယ်။ ဒုတိယဝန်ကြီး ကိုဒီသုဝါကူက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း (၁၀) နိုင်ငံကျော်ဟာ ခရီးသည်တင်ဒရုန်းဝန်ဆောင်မှုတွေ မိတ်ဆက်နိုင်ရေး ကြိုးပမ်းနေပြီး ယခုသီရိလင်္ကာလည်း အဆိုပါ နိုင်ငံတွေနဲ့အတူ ပါဝင်လာပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါအပြင် စီးပွားဖြစ်ဝန်ဆောင်မှုတွေ စတင် ခွင့်မပြုမီ စမ်းသပ်မှုတွေကို ငါးလခန့် ဆက်လက်ပြုလုပ်သွားနိုင်တယ်လို့ ၎င်းက ပြောပါတယ်။
အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်သူတွေက လေဆိပ်နဲ့ မိနစ် (၃၀) ခန့် သွားလာရတဲ့ ကိုလံဘိုမြို့ လယ်ခေါင်အကြား လေကြောင်းတက္ကစီဝန်ဆောင်မှု ပြေးဆွဲနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
EH216-S လေယာဉ်ငယ်မှာ လျှပ်စစ်မော်တာ (၁၆) လုံးနဲ့ ပန်ကာ (၁၆) ခု တပ်ဆင်ထားပြီး ဘက်ထရီအထုပ် (၁၂) ခု ပါဝင်ပါတယ်။ အမြင့်ဆုံးပျံတက် အလေးချိန်ဟာ (၆၂၀) ကီလိုဂရမ် ရှိပြီး တစ်ကြိမ် အားသွင်းထားရင် (၂၅) မိနစ်ခန့် ပျံသန်းနိုင်ကာ အကွာအဝေး (၃၀) ကီလိုမီတာအထိ သွားလာနိုင်ကြောင်း သီရိလင်္ကာတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။