
HtayOung (NP News)-နိုဝင်ဘာ ၁၃
ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်တဲ့ အာရက္ခတပ်တော် AA ရဲ့ သတင်းတွေမှာ အဓိပ္ပါယ်လွဲမှား အောင် ချဲ့ကားထားတဲ့ သတင်းတွေသာ အများစုဖြစ်ပါတယ်။ ဒီနေရာမှာ AA ဟာ Cognitive warfare ခေါ် “သိမြင်မှုဆိုင်ရာ နည်းဗျူဟာ” ကို ထိရောက်စွာအသုံးချနေကြောင်း သတိပြုမိတယ်။
အဲ့ဒါကလည်း သူ့ထက် လူ-လက်နက်-ငွေကြေးအင်အား အဆမတန်သာလွန်တဲ့ တပ်မတော်ကို ရင်ဆိုင်အံတုရာမှာ လူအများရဲ့ အသိ အမြင်ကို လိုအပ်သလို ထိန်းချုပ်နိုင်ရန် အလွန်အရေးကြီးကြောင်း ခေတ်မီစွာ နားလည်လို့ဖြစ်လိမ့်မယ်။
အထူးသဖြင့် သတင်းအချက်အလက် နည်းပညာခေတ်ကြီးမှာ လွယ်ကူထိရောက်တဲ့နည်းလမ်းနဲ့ အကျိုးအမြတ်ရယူတတ်တယ်လို့ ဆိုရပါလိမ့်မယ်။
ဒါပေမဲ့ AA နဲ့ ပတ်သက်တဲ့ သတင်းနှစ်ပုဒ်ကတော့ အစစ်အမှန်များဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတကာမီဒီယာများက ဖော်ပြခဲ့ခြင်းဖြစ်တယ်။
ဒုက္ခသည်ဘင်္ဂါလီနေရပ်ပြန်ရေး ပြဿနာကို ဖြေရှင်းနိုင်ရန် ဦးမင်းအောင်လှိုင်အစိုးရအပြင် ရခိုင်ပြည်နယ် အတွင်း နယ်မြေအများအပြားကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ် (AA) နဲ့ပါ တိုက်ရိုက်ဆက်သွယ်ဆွေးနွေးနေကြောင်း၂၀၂၆ ခုနှစ် နိုဝင်ဘာ ဒါကာမြို့ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက တရားဝင် ပြောကြားခဲ့တယ်။
အဲ့ဒီဆွေးနွေးပွဲမှာပဲ ဘင်္ဂလားဒေ့ရှ် ယူနွတ်အစိုးရရဲ့ အကြံပေးဟောင်းဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်တစ်ဦးကလည်း အနာဂတ် ရခိုင်ပြည်နယ်ဟာ ကွန်ဖက်ဒရိတ် (သို့မဟုတ်) သီးခြားအုပ်ချုပ်ရေး ပုံစံမျိုး ဖြစ်လာနိုင်တဲ့အတွက် AA နဲ့ တိုက်ရိုက်ဖြစ်စေ-ကြားခံလူမှတစ်ဆင့်ဖြစ်စေ ဆက်ဆံရေးကောင်း တည်ဆောက်ထားရန် တင်ပြတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာများက ဖော်ပြကြတယ်။
ဆွေးနွေးပွဲတစ်ခုတည်းမှ အကြောင်းအရာဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်အခြေစိုက် New Age အပါအဝင် ဒေသတွင်းသတင်းဌာနတွေမှာ ၂-ပုဒ်ခွဲပြီး အကျယ်တဝင့် ဖော်ပြခဲ့ကြတယ်။ မြန်မာနိုင်ငံအတွင်း အင်အားစုများ အကြား ဒုက္ခသည်များနေရပ်ပြန်ရေးအပေါ် သဘောထားတင်းမာမှုများနဲ့ မြေပြင်လက်တွေ့အခြေအနေအရ မဟာဗျူဟာမြောက် ကစားကွက်ပြောင်းလဲသင့်တယ်လို့ အဆိုပြုခြင်းဖြစ်တယ်။
တကယ့်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အကြံပေးဟောင်း ဗိုလ်ချုပ်ကြီးတို့ရဲ့ ဆွေးနွေးချက်ဟာ လွန်ခဲ့တဲ့ ၂၀၂၄-၂၀၂၅ ခုနှစ် AA တို့ အကြီးအကျယ်အောင်ပွဲရရှိနေစဉ်ဆိုလျင် ဘာမှအံ့သြစရာ မရှိပါ၊
ခုတော့ ပြီးခဲ့တဲ့ စက်တင်ဘာမှစတင်ပြီး တပ်မတော်ကို အရေးနိမ့်လာတဲ့ AA နဲ့ ဆွေးနွေးနေတယ်လို့ ဆိုခြင်းကြောင့် ထူးဆန်းတယ်။
၂၀၂၆-ခုနှစ် ဇွန်လနှောင်းပိုင်း တပ်မတော်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားတဲ့ ထွန်းမြတ်နိုင်က သူတို့ဘက်မှာ ဆေးဝါးကုသနေတယ်ဆိုတာ မဟုတ်မမှန်ကြောင်း ဘင်္ဂလားဒေ့ရှ်က အသည်းအသန် ငြင်းဆိုခဲ့ဖူးခြင်းကြောင့်လည်းဖြစ်တယ်။
တစ်ခါ သူတို့ပြောတဲ့ ကွန်ဖက်ဒရေးရှင်းနိုင်ငံဆိုတာလည်း ကမ္ဘာ့ဘယ်နေရာမှ မရှိကြောင်း၊ လူမျိုးတစ်မျိုးတည်း သီးသန့်နိုင်ငံထူထောင်ရေး လက်နက်ကိုင်ပုန်ကန်တဲ့ အနေအထားမျိုးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်လာနိုင်စရာမရှိကြောင်း သူတို့ ကိုယ်တိုင် နားလည်နိုင်တယ်။
မူးယစ်ဆေး ကျော်ဇောပြီး လူမျိုးရေးအစွန်းရောက် အကြမ်းဖက်မှုများနဲ့ ကုလသမဂ္ဂတိုင်အောင် လူသိများတဲ့ AA ကို ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စ ဆွေးနွေးတယ်ဆိုခြင်းမှာ လူရယ်စရာကြီး ဖြစ်နေတယ်။
ဒါပေမဲ့ တာရစ်ခ်ရာမန်အစိုးရက AA ကို အရေးတယူ လုပ်ပြနေတာ အမှန်ပဲဖြစ်တယ်။
ဒါကာရဲ့ ခြေလှမ်းဟာ ရိုးရှင်းတဲ့ ဒုက္ခသည်အရေးထက် ပိုမိုနက်ရှိုင်းတဲ့ ဒေသတွင်း နိုင်ငံရေးအမြတ်ထုတ်မှု သို့မဟုတ် လှည့်စားကွက်တစ်ခု ဖြစ်မှာသေချာတယ်။
(၁) ပထမဆုံးအချက်က နိုဝင်ဘာလဆန်းပိုင်းကစပြီး ဒါကာမြို့နဲ့ ခရိုင်ပေါင်း (၂၀) ကျော်မှာ လက်လုပ်ဗုံးပေါက်ကွဲမှု၊ ပစ္စည်းလုယက်မှု၊ မီးရှို့ဖျက်ဆီးမှုများနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားနေခြင်းဖြစ်တယ်။
၂၀၂၄-ခုနှစ် လူထုဆန္ဒပြပွဲများကို ဖြိုခွင်းမှုများနဲ့ဆက်စပ်ပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရတဲ့ ရှိတ်ဟာစီနာဟာ ဒီဇင်ဘာလမှာ ဒါကာကို ပြန်လာမယ်လို့ ပြောဆိုနေပြီး သူ့ရဲ့ အဝါမီလိခ်ပါတီဝင်များက အနောက်ဖက်ကပ်ရက် အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ်မှ သွေးထိုးလှုံဆော်နေကြောင်း၊ ပိတ်ပင်ခံထားရတဲ့ အဝါမီ ကျောင်းသားလက်ရုံးအဖွဲ့နဲ့ ဟာစီနာလိုလားသူများက ကျူးလွန်နေကြောင်း အာဏာပိုင်များက စွပ်စွဲထားတယ်။
ဒီအတွက် တာရစ်ခ်ရာမန်အစိုးရကို ပြစ်တင်ရှုတ်ချနေတဲ့ အတိုက်အခံ ဂျမတ် အီအစ္စလာမ်မီပါတီဟာ ဒုက္ခသည် ဘင်္ဂါလီများအပေါ် စာနာသူများဖြစ်တယ်။
ဂျမတ်အီတို့ စိတ်ကျေနပ်အောင် ဒုက္ခသည်များ နေရပ် ပြန်ရေးအစွမ်းကုန်ကြိုးစားနေကြောင်း ပြသလိုပုံရတယ်။
(၂) သမ္မတ ဒေါ်နယ်ထရမ့် တစ်ကျော့ပြန်လာပြီးနောက် ဝါရှင်တန်ရဲ့ မြန်မာအပေါ်မူဝါဒဟာ သီးခြာဝိုင်းပယ်ခြင်းမှ လက်တွေ့ထိတွေ့ဆက်ဆံခြင်းအဖြစ် အကြီးအကျယ် ပြောင်းလဲလာခဲ့တယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိကြီးကိုယ်တိုင် နေပြည်တော်ကို သွားရောက်ပြီး သမ္မတဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို တိုကျိုမြို့မှာလည်း လူသိရှင်ကြား မကြေညာတဲ့ ဒုတိယအကြိမ် ဆွေးနွေးမှုကို ပြုလုပ်ခဲ့တယ်။
အမေရိကန်ဘက်က ငြိမ်းချမ်းရေး-တည်ငြိမ်ရေးကို အကြောင်းပြပေမယ့် ကမ္ဘာ့မြေရှားသတ္တုကွင်းဆက်အပေါ် တရုတ်ရဲ့ စိုးမိုးထားမှုကို ခွဲထုတ်ရန်ရည်ရွယ်ကြောင်း ထင်ရှားတယ်။
(၃) ဘင်္ဂလားဒေ့ရှ်နဲ့ တစ်ဆက်စပ်တည်း ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ တရုတ်-မြန်မာစီးပွားရေးစင်္ကြန် CMEC နဲ့ အိန္ဒိယရဲ့ ကုလားတန်ဘက်စုံစီမံကိန်း ရှိနေပြီး နယ်မြေအများစုကို လောလောဆယ် AA က ထိန်းချုပ်ထားတယ်။
အမေရိကန်အနေနဲ့ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် CMEC ကို စောင့်ကြည့်ရန်နဲ့ မြန်မာကို အနောက်အုပ်စုဘက်သို့ လမ်းကြောင်းလွှဲရန် မဟာဗျူဟာမြောက် ကစားဖွယ်ရှိတယ်။ အမေရိကန်ရဲ့ ခြေလှမ်းဟာ တရုတ်ကို ထိန်းကျောင်းသလိုရှိတဲ့အတွက် အိန္ဒိယအ တွက် ကြိုဆိုရန်ရှိပေမယ့် ဒေသတွင်း ဝါရှင်တန် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လာခြင်းအတွက် စိုးရိမ်စရာ ရှိ တယ်။
ဟာစီနာ ပြုတ်ကျသွားပြီး ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ အိန္ဒိယတို့အကြား ဆက်ဆံရေးမှာ သိသိသာသာ အေး စက်သွားခဲ့တယ်။ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒနဲ့ ကုလားတန်ဘက်စုံစီမံကိန်းတို့အတွက် နေပြည်တော်နဲ့ ဆက်ဆံရေးပိုမိုနီးကပ်လာခြင်းဟာ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်အတွက် သံတမန်ရေးအရ အထီးကျန်သလို ခံစားရစေပြီး ဖိအားတစ်ခု ဖြစ်စေတယ်။
ဘင်္ဂလားဒေ့ရှ်အနေနဲ့ အိန္ဒိယရဲ့ ကုလားတန်စီမံကိန်း (KMMTTP) အပေါ် ပထဝီနိုင်ငံရေး အသာစီးရမှု လျော့ကျသွားနိုင်ခြင်းနဲ့ စီးပွားရေးအရ ယှဉ်ပြိုင်ခံရခြင်းတို့ကြောင့် စိုးရိမ်မကင်းဖြစ်ပြီး နှစ်သက်မှု နည်းပါးတယ်။
အိန္ဒိယပြည်မကြီးမှ အရှေ့မြောက်ပြည်နယ် (၇) ခုထံ ကုန်စည်ပို့ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်နယ်မြေနဲ့ စစ်တကောင်းဆိပ်ကမ်းတို့ဟာ မရှိမဖြစ် အရေးပါခဲ့တယ်။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ဒေါက်တာယူနွတ်စ် ကိုယ်တိုင် "ဘင်္ဂလားပင်လယ်အော်ရဲ့ တစ်ဦးတည်းသော အုပ်ထိန်းသူ" လို့ ဂုဏ်ယူပြောဆိုခဲ့ဖူးတယ်။
ကုလားတန်စီမံကိန်း အောင်မြင်သွားရင် အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်ကို လုံးဝကျော်ခွပြီး စစ်တွေဆိပ်ကမ်းမှတစ်ဆင့် သွားလာနိုင်မှာဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ရဲ့ အိန္ဒိယအပေါ် သံတမန်ရေးအရ ဈေးဆစ်နိုင်စွမ်း ကျဆင်းသွားမှာ သေချာတယ်။
အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းတွေနဲ့ ကုန်းလမ်းဖြတ်သန်းခွင့်တွေကို အသုံးပြုခြင်းကြောင့် ဒါကာအတွက် ဖြတ်သန်းခနဲ့ ဆိပ်ကမ်းဝန်ဆောင်မှု ဝင်ငွေအများအပြား ရရှိနေတယ်။
ကုလားတန်စီမံကိန်းကြောင့် အဲဒီစီးပွား ရေး အခွင့်အလမ်းတွေ မြန်မာဘက်ကို ရောက်ရှိသွားမှာကို စိုးရိမ်ပါတယ်။
စစ်တွေဆိပ်ကမ်းနဲ့ ကုလားတန်စီမံကိန်း တည်ရှိရာ ရခိုင်ပြည်နယ်ဟာ ဒုက္ခသည်ပြဿနာရဲ့ ဗဟိုချက်ဖြစ် နေတာကြောင့် အိန္ဒိယက ရခိုင်ဒေသမှာ စီးပွားရေးနဲ့ လုံခြုံရေးအရ အခြေစိုက်လာခြင်းဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ နယ်စပ်လုံခြုံရေးနဲ့ ဒုက္ခသည်အရေး ကိုင်တွယ်မှုအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလာစေပါတယ်။
စစ်တွေဆိပ်ကမ်းအခြေပြု အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းဟာ ကျောက်ဖြူစီမံကိန်းနဲ့ ပထဝီအနေအထားအရ အလွန်နီးကပ်နေပြီး ဘင်္ဂလားပင်လယ်အော်အတွင်း တရုတ်ရဲ့ တစ်ဦးတည်း လွှမ်းမိုးမှုကို စိန်ခေါ်နေတယ်။
တရုတ်-အိန္ဒိယနယ်စပ်အငြင်းပွားနေချိန် ကုလားတန်လမ်းကြောင်း ပြီးစီးသွားရင် အိန္ဒိယအနေနဲ့ တရုတ်နယ်စပ်အနီး အရှေ့မြောက်ပြည်နယ်တွေဆီ စစ်လက်နက်နဲ့ ရိက္ခာတွေကို ပင်လယ်ရေကြောင်းကနေ အလွယ်တကူ ပို့ဆောင်နိုင်မှာ ဖြစ်တယ်။
ဒါဟာ တရုတ်အတွက် မဟာဗျူဟာအရ မနှစ်မြို့စရာ အချက်ဖြစ်တယ်။
တရုတ်အနေနဲ့ ကုလားတန်စီမံကိန်းကို တိုက်ရိုက်ကန့်ကွက်တာမျိုး မလုပ်ပေမဲ့ နေပြည်တော်ရော ရခိုင်ပြည်နယ်ကို ထိန်းချုပ်ထားတဲ့ AA အပေါ်မှာပါ သံတမန်ရေး၊ စီးပွားရေး သြဇာကို အသုံးချပြီး ကျောက်ဖြူ စီမံကိန်း အမြန်ဆုံး အကောင်အထည်ပေါ်အောင် ဖိအားပေးခြင်းဖြင့် အိန္ဒိယထက် အမြဲတမ်း ခြေတစ်လှမ်း သာ နေဖို့ ကြိုးပမ်းလျက်ရှိတယ်။
ကချင်လွတ်လပ်ရေးတပ် (KIA) ဟာ ချီဗွေနဲ့ ပန်ဝါတို့လို အဓိက မြေရှားသတ္တုတွင်းဒေသများကို တိုက်ခိုက်ထိန်းချုပ်ထားပြီး ထွက်ရှိသမျှ တရုတ်ဖက်ကိုသာ တင်ပို့နေရခြင်းကြောင့် မြေရှားကွင်းဆက်ကို တရုတ်က လက်ဝါးကြီးအုပ်ထားဆဲဖြစ်တယ်။
အိန္ဒိယကလည်း မြန်မာ့မြေရှားသတ္တုရရှိရေးကို ကြိုးပမ်းနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံးကုန်သွယ်ဖက် တရုတ်-အမေရိကန်-အိန္ဒိယနဲ့ အိမ်နီးချင်း မြန်မာတို့ရဲ့ ပထဝီနိုင်ငံရေး အကြိတ်အနယ်ပွဲမှာ ဘေးဖယ်ထားခံရသလိုဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ သူ့မှာလည်း "AA" ဆိုတဲ့ ဖဲချပ်တစ် ခု (Bargaining Chip) ရှိနေသေးကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တရုတ်-အိန္ဒိယနဲ့ မြန်မာတို့ရဲ့ အကျိုးစီးပွားများကိုပါ လှုပ်ခါနိုင်စွမ်းရှိကြောင်း ပြသလိုတဲ့ နိုင်ငံရေးအသုံးချမှုဖြစ်နိုင်တယ်။