NP News

အမေရိကန်အထူးကိုယ်စားလှယ်များ ကြားဝင်ဆွေးနွေးခဲ့သော်လည်း ရုရှားနှင့်ယူကရိန်းကြား စစ်ပွဲအဆုံးသတ်ရန် အလားလာနည်းနေဟုဆို

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နှင့် သမက်ဖြစ်သူ ဂျရတ် ကူရှ်နာ တို့သည် နိုဝင်ဘာလ (၁၂) ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံကာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အကြိတ်အနယ်ဆွေးနွေးခဲ့သလို ယူကရိန်းသမ္မတ ဇီလန်စကီးနှင့်လည်း နိုဝင်ဘာလ (၁၂)ရက်နေ့ညပိုင်းက အိုင်ယာလန်နိုင်ငံတွင် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ရာ စစ်ပွဲကို အလုံးစုံရပ်တန့်နိုင်ရန် အခက်ခဲများရှိနေဆဲဖြစ်ကြောင်း သိရသည်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ အဘူဒါဘီမြို့၌ နှစ်ရက်ကြာ ကျင်းပခဲ့သည့် အမေရိကန်ကြားဝင်စေ့စပ် သော ရုရှား-ယူကရိန်း တိုက်ရိုက်ဆွေးနွေးပွဲအပြီး နောက်တစ်နေ့တွင်ပင် အမေရိကန်ကိုယ်စားလှယ်နှစ်ဦး မော်စကို သို့ တိုက်ရိုက်ပျံသန်းလာခြင်းဖြစ်သည်။
ယခုတွေ့ဆုံမှုသည် ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်စတင်နိုင်ခဲ့သည့် သုံးပွင့်ဆိုင် သံတမန် ရေးရာလှုပ်ရှားမှု၏အရေးပါသော အဆင့်တစ်ခုဖြစ်လာခဲ့သည်။ ကရင်မလင်နန်းတော်အစည်းအဝေးခန်းမအတွင်း ဝစ်ကော့ဖ်နှင့် ကူရှ်နာတို့အား နွေးထွေးစွာ လက်ဆွဲနှုတ်ဆက်ခဲ့သည့် သမ္မတပူတင်က ယူကရိန်းဘက်နှင့် တိုက်ရိုက် အဆက်အသွယ်ရရှိအောင် စီစဉ်ပေးခဲ့သည့် သမ္မတထရမ့်အား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ရုရှားသမ္မတ အကြံပေးများဖြစ်သည့် ယူရီ အူရှာကော့ဗ် ၊ ဗလာဒီမာ မီဒင်စကီး နှင့် အထူးကိုယ်စားလှယ် ကီရီလ်ဒီမီထရီယက်ဗ် တို့လည်း တက်ရောက်ခဲ့ကြသည်။ သမ္မတပူတင်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကဏ္ဍများတွင် အပြုသဘောဆောင်သည့်ရလဒ်များ ထွက်ပေါ်နေကြောင်း အသိအမှတ်ပြုခဲ့သော်လည်း ရုရှား၏ မူဝါဒပိုင်းဆိုင်ရာ ရပ်တည်ချက်များကိုမူ အခိုင်အမာ ဆက်လက်ဆုပ်ကိုင်ထား ကြောင်း သိရသည်။
ထိုအပြင် ယူကရိန်းနိုင်ငံအတွင်း နိုင်ငံခြားတပ်ဖွဲ့များ ချထားမည့်အစီအစဉ်ကို လုံးဝလက်မခံနိုင်ကြောင်း နှင့် ရုရှား အတွက် ယူကရိန်းနှင့်အကြား နိုင်ငံတော်နယ်နိမိတ်မျဉ်းတစ်ခုတည်းသာရှိကြောင်း ပူတင်ကအတည်ပြု ပြောဆိုခဲ့ သည်။ ယခုတစ်ကြိမ် ဆွေးနွေးပွဲများ၏ အထင်ရှားဆုံး ရလဒ်မှာ နှစ်ဖက်အကြား အကြီးမားဆုံး စစ်သုံ့ပန်းလဲလှယ်မှု ပြုလုပ်ရန် မူအားဖြင့် သဘောတူညီခဲ့ကြပြီး ယူကရိန်းသမ္မတ ဇီလန်စကီး၏ ပြောကြားချက်အရ နှစ်ဖက်စလုံးမှ စစ်သုံ့ပန်း (၁,၀၀၀) ဦးချင်းစီ (သို့) (၁,၂၀၀) ဦးချင်းစီအထိ အပြန်အလှန် လဲလှယ်နိုင်ခြေကို ဆွေးနွေးထားကြောင်း သိရသည်။
စစ်သုံ့ပန်းလဲလှယ်ရေးတွင် တိုးတက်မှုများ ရှိနေသော်လည်း စစ်ပွဲအပြီးတိုင်ရပ်စဲရေးအတွက် အဓိက အဟန့် အတားများ ဆက်လက်ရှိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတစ်ခုလုံးကို လက်လွှတ်ပေးရန် ပူတင်၏ တောင်းဆိုချက်ကို ယူကရိန်းအစိုးရက ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။
ယူကရိန်းသမ္မတက စစ်သုံ့ပန်းလဲလှယ်ရေးသဘောတူညီချက်မှာ အပြုသဘောဆောင်သည့်ခြေလှမ်းတစ်ရပ် ဖြစ်သော်လည်း ငြိမ်းချမ်းရေးအတွက် ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေများကို လုံးဝ စွန့်လွှတ်ပေးမည် မဟုတ်ကြောင်း နှင့် အမေရိကန်အနေဖြင့် စစ်ပွဲ စတင်သူ ရုရှားအပေါ် ခိုင်မာပြတ်သားစွာ ဖိအားပေးရန် လိုအပ် ကြောင်း တောင်းဆိုခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News