NP News

လိုအပ်မည်ဆိုလျှင် အီရန်အပေါ် စစ်ရေးအရတိုက်ခိုက်မှုများပြန်စရန် တွန့်ဆုတ်နေမည်မဟုတ်ဟု အမေရိကန် သမ္မတ သတိပေး

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လိုအပ်သည်ဟု ယူဆပါက အီရန်နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများကို ချက်ချင်း ပြန်လည်စတင်ရန်တွန့်ဆုတ်နေမည်မဟုတ်ဘဲ လိုအပ်ပါက ချက်ချင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။

အမေရိကန်သမ္မတသည် ပြီးခဲ့သည့်ရက်ပိုင်းက Salem News Channel နှင့် အင်တာဗျူးချိန်အတွင်း ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်၏ မဟာမိတ်များနှင့်သင်္ဘောများကို ခြိမ်းခြောက်ခြင်းမှ အစိုးရအဖွဲ့ အား တားဆီးရန်အတွက် လိုအပ်သမျှကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ က ပြောသည်။
Salem News Channel သတင်းဌာနက အီရန်နိုင်ငံမှ အမေရိကန်မဟာမိတ်များနှင့် ရေကြောင်းပို့ဆောင်ရေးများကို ခြိမ်းခြောက်မှုမှ တားဆီးရန် စစ်အင်အားကို အသုံးပြုမည်လားဟု မေးမြန်းခဲ့ရာ အမေရိကန်သမ္မတက "ဘာမှ တွန့်ဆုတ်နေမှာ မဟုတ်ဘူး" ဟု တုံ့ပြန်ဖြေကြားခဲ့သည်။
အမေရိကန်သမ္မတက "အခြေအနေတွေ တစ်ခြားတစ်ဖက်ကို ရောက်သွားတာကိုသာ တွေ့ရမယ်ဆိုရင် ကျွန်တော် အဲဒါကို လုပ်မှာပါ။ ပြီးတော့ အခုချက်ချင်းတောင်လုပ်ဖို့ ဖြစ်နိုင်ပါတယ်" အီရန်နိုင်ငံမှာ ရေတပ် မရှိတော့ဘူး။ လေတပ် မရှိတော့ဘူး။ လေကြောင်းရန် ကာကွယ်ရေးတွေလည်း မရှိတော့ပါဘူး" ဟု ထို့အပြင် အီရန်၏ ဒုံးကျည် စွမ်းရည်များသည် အရှေ့အလယ်ပိုင်းဒေသထက်ကျော်လွန်ကာ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနေပြီး အီရန်အစိုးရ က ဥရောပတိုက်အထိ ရောက်ရှိနိုင်သည့်လက်နက်များကို ပိုင်ဆိုင်ထားပြီး နောင်တစ်ချိန်တွင် လော့စ်အိန်ဂျလိစ် နှင့် ဆန်ဒီယေဂို အပါအဝင် အမေရိကန်မြို့များကိုပါ ခြိမ်းခြောက်လာနိုင်သည်ဟု အမေရိကန်သမ္မတက ပြောသည်။
ဟော်မုဇ်ရေလက်ကြား အမေရိကန်ပြည်ထောင်စုက အလုံးစုံထိန်းချုပ်ထားပြီး အီရန်၏ စစ်ရေးစွမ်းရည်များမှာ လည်း ကြီးမားစွာ ပျက်စီးသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတကထပ်လောင်း ပြောဆိုခဲ့သည်။ အမေရိကန်ကြား ဖြတ်ရွေးကောက်ပွဲအပြီးတွင်အမေရိကန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံအပေါ် ရပ်တန့်ထားသည့် တိုက်ခိုက်မှုများ ပြန်လည်စတင်နိုင်ဖွယ်ရှိနေကြောင်း အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။
အမေရိကန်နှင့်အစ္စရေးနိုင်ငံတို့သည် အီရန်နိုင်ငံကို ဖေဖော်ဝါရီလအကုန်တွင် တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် စစ်ပွဲကာလ (၈) လကျော်လာနေသော်လည်းအပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မူရင်းသတင်း — NP News