Eleven Media Group

တရုတ်၏ အင်အားကြီးထွားလာမှုကို ကြောက်ရွံ့နေရန် မလိုအပ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

တောင်ကိုရီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုကို ကြောက်ရွံ့မနေသင့်ဘဲ ၎င်း၏ စွမ်းဆောင်ရည်များကိုလည်း လျှော့မတွက်သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းက နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစွာ လုပ်ဆောင်ကြရန် ချိုက လာမည့်သီတင်းပတ်အတွင်း တရုတ်နိုင်ငံ၌ ကျင်းပမည့် APEC အစည်းအဝေး မတိုင်မီ တိုက်တွန်းခဲ့သည်။

"ဒီတစ်ခေါက် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားလာမှုအပေါ် အခြေအမြစ်မရှိ ကြောက်ရွံ့နေဖို့ မလိုအပ်သလို၊ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အလားအလာတွေကိုလည်း လျှော့မတွက်သင့်ဘူးဆိုတာကို သတိပြုမိခဲ့ပါတယ်" ဟု ချိုက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် မိမိတို့ ပြည်သူများနှင့် ကုမ္ပဏီများ၏ ကိုယ်ပိုင်လွတ်လပ်စွာ လုပ်ကိုင်နိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့ကို အသုံးချကာ နှစ်နိုင်ငံစလုံး အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ချို၏ အဆိုပါ မှတ်ချက်စကားများသည် နိုဝင်ဘာ ၁၂ ရက်က ပေကျင်းမြို့တော်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် သုံးလခန့်အတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှုနှင့် ညစာစားပွဲ ပြုလုပ်အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ချိုနှင့် ဝမ်တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး၊ ကိုရီးယားကျွန်းဆွယ်ဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ပြည်သူများထံသို့ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုသည် နိုဝင်ဘာလ ၁၈ ရက်မှ ၁၉ ရက်အထိ ရှန်ကျန်းမြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ ယင်းအစည်းအဝေးသို့ တောင်ကိုရီးယားသမ္မတ လီဂျေမြောင် တက်ရောက်မည် ဖြစ်သည်။

သမ္မတ လီသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီးတို့ တည်ခင်းဧည့်ခံမည့် ညစာစားပွဲသို့လည်း တက်ရောက်ရန် စီစဉ်ထားကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်အများအပြား စုစည်းတက်ရောက်ကြရန် မျှော်လင့်ထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် နိုဝင်ဘာ ၁၉ ရက်တွင် APEC အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲအဖြစ် တရုတ်သမ္မတ ရှီနှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ဆွေးနွေးမည့် အစီအစဉ်များတွင် နျူကလီးယားလက်နက် လျှော့ချရေး ကိစ္စရပ်များလည်း ပါဝင်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် သမ္မတ လီ၏ ခရီးစဉ်ကို အသုံးချကာ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးတက်စေရန်နှင့် နှစ်နိုင်ငံစလုံးတွင် အပြန်အလှန် အားဖြည့်ပေးနိုင်သည့် အားသာချက်များ ရှိနေသော နယ်ပယ်များတွင် တန်းတူညီမျှပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ချိုဟွန်းက ပြောကြားခဲ့သည်။

သမ္မတဟောင်း ယွန်းဆော့ယို လက်ထက်တွင် တရုတ်နှင့် ဆက်ဆံရေး တင်းမာခဲ့ပြီးနောက်ပိုင်း လီ၏ အစိုးရအဖွဲ့သည် အမေရိကန်နှင့် လုံခြုံရေး မဟာမိတ်ပြုမှုကို ဆက်လက်ထိန်းသိမ်းထားရင်း တစ်ဖက်တွင်လည်း တောင်ကိုရီးယား၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းလျက်ရှိသည်။

မူရင်းသတင်း — Eleven Media Group