NP News

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးများသို့ မြန်မာ ပြန်လည်တက်ရောက်ခွင့်ပြုရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

ALynn (NP News) - နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံခြားရေးဝန်ကြီးအား အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများသို့ ပြန်လည်တက်ရောက်ခွင့်ပြုသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ကြာသပတေးနေ့ (နိုဝင်ဘာ ၁၂ ရက်) မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် ပြောကြားလိုက်သည်။

သမ္မတ ဦးမင်းအောင်လှိုင် အပါအဝင် အခြားတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်ထိတွေ့ဆက်ဆံရန်နှင့် အာဆီယံအသိုက်အဝန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိနေသည်ကို တွေ့ရှိရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
သို့သော် ယင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် လုပ်ဆောင်ရမည့်အသေးစိတ်အဆင့်များကိုမူ နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ခြင်းမရှိကြောင်း သိရသည်။

ယခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံ၌ ရွေးကောက်တင်မြှောက်ခံအစိုးရသစ်တက်လာပြီးနောက် ထိုင်းနိုင်ငံသည် အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး ပုံမှန်ပြန်လည်ဖြစ်ပေါ်လာစေရန် ဦးဆောင်တွန်းအားပေးလာခဲ့သည်။
“ထိုင်းနိုင်ငံအနေနဲ့ကတော့ နောက်တစ်ဆင့်အနေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ ပြန်လည်ပါဝင်ခွင့်ပြုဖို့ ယုံကြည်ပါတယ်” ဟု ဆီဟာဆတ်က ပြောကြားခဲ့သည်။
အာဆီယံခေါင်းဆောင်များသည် နိုဝင်ဘာ (၁၅) ရက်မှ (၁၇) ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ထိပ်သီးအစည်းအဝေး ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအား ချန်လှပ်ထားသည့် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ကြမည်ဖြစ်သည်။

လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါမနစ်ဇေဗာအင်မ်ပီရီရယ်က ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်မှုအပေါ် ပြန်လည်သုံးသပ်ထားသည့် ညှိနှိုင်းသဘောတူညီချက် စာတမ်းတစ်စောင်ကို ထိပ်သီးအစည်းအဝေး၌ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်း တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် သီတီနန် ပေါင်ဆူဒီရတ်ကမူ လက်ရှိအခြေအနေ ပြောင်းလဲတိုးတက်လာမှုများအရ ဘုံသဘောတူညီချက် (၅) ရပ်သည် အမှန်တကယ်တွင် ခေတ်နောက်ကျသွားပြီဖြစ်ကြောင်း သုံးသပ်ပြောဆိုထားသည်။

မူရင်းသတင်း — NP News